ရွှေဘို မြို့ပေါ်တွင် တပ်စွဲထား‌သော စစ်တပ်ကို PDF ဝင်တိုက်၊ သုံးဦးသေဆုံးဟုဆို

စစ်ကိုင်းတိုင်း၊ ရွှေဘိုမြို့ပေါ်တွင် တပ်စွဲထားသော စစ်ကောင်စီတပ်ကို PDF တို့ ဝင်ရောက်တိုက်ခိုက်ခဲ့ရာ သုံးဦး ပွဲချင်းပြီး သေဆုံးကြောင်းသိရသည်။

မေလ ၁၇ရက်၊ နံနက် ငါးနာရီခွဲခန့်တွင် ရွှေဘိုမြို့ပေါ် အမှတ်ငါးရပ်ကွက်ရှိ ဘုန်းကြီးကျောင်းထဲ၌ တပ်စွဲထားသော အင်အား ၃၀ ဝန်းကျင်ရှိ စစ်ကောင်စီတပ်ကို ရှေ့ထွက်မိုင်း တစ်လုံးဖြင့် ဖောက်ခွဲတိုက်ခိုက်ပြီးနောက် လက်နယ်ငယ်များဖြင့် ပစ်ခတ်ခဲ့ရာ ထိတွေ့တိုက်ပွဲ ၁၅မိနစ်ခန့်ဖြစ်ပွားကာ စစ်သားအများအပြားလည်း ဒဏ်ရာရရှိခဲ့ကြောင်း Buffalo Soldiers Freedom Force က သတင်းထုတ်ပြန်သည်။

“ မိုင်းက တစ်ချက်ပဲဆွဲပေးပြီး ဘုန်းကြီးကျောင်းထဲ လက်နက်ငယ်နဲ့ဝင်ပစ်တာ။ ကိုယ့်ဘက်က နေရာ အရန်သင့်ယူပြီး ပစ်ရတာဆိုတော့ ကိုယ့်ဘက်ကတော့ အန္တရာယ်ကင်းတာပေါ့” ဟု Buffalo Soldiers Freedom Force တပ်ခွဲမှူး ရဲဘော်မျိုးမင်းက MPAသို့ ပြောသည်။

ယင်းတိုက်ခိုက်မှုကြောင့် သေဆုံးနှင့် ဒဏ်ရာရစစ်သားများကို ရွှေဘိုမြို့နယ်ပြည်သူ့ဆေးရုံသို့ ပို့ဆောင်လိုက်ကြောင်း သိရသည်။

“ အထဲမှာ ကျနော်တို့ အထောက်(သတင်းပေး)တွေရှိတယ်လေ။ ဆေးရုံမှာရော။ အဲ့ကနေသိရတာ” ဟု ၎င်းက‌ဆက်လက်ပြောသည်။

ယင်းတိုက်ခိုက်မှုပြီးနောက် စစ်ကောင်စီ တပ်စွဲထားသည့် ဘုန်းကြီးကျောင်းထဲသို့ စစ်သားအင်အား ၃၅ဦး ထပ်မံရောက်ရှိလာကြောင်း ဒေသခံနှင့် နီးစပ်သူတစ်ဦးကပြောသည်။

“ ရပ်ကွက်ထဲတာ့ ဝင်မမွှေဘူး။ ဝင်မွှေခဲတယ်။ အင်အားတော့ ချက်ချင်းလာတိုးတယ်” ဟု ၎င်းကပြောသည်။

ယင်းတိုက်ခိုက်မှုကို Buffalo Soldiers Freedom Forceနှင့် တောကျီးကန်းပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့တို့ ပူးပေါင်းဆင်နွှဲခဲ့ပြီး PDF ရဲဘော်များ အထိအခိုက်မရှိ ပြန်လည်ဆုတ်ခွာနိုင်ခဲ့ကြောင်းသိရသည်။

Leave a Comment