မန္တလေးက သင်တန်းဆင်းစ ပျူတွေကို တိုက်ပွဲတွေ ဖြစ်နေတဲ့ မတ္တရာနယ်ဘက် ချက်ချင်းပို့

မန္တလေးမြို့၊ နန်းမြို့တွင်းက စစ်အုပ်စုရဲ့ အလယ်ပိုင်းတိုင်း စစ်ဌာနချုပ် – လပခ မှာ သင်တန်းဆင်းပွဲ လုပ်ပြီးနောက် စစ်သားသစ်နဲ့ ပျူတွေကို ချက်ချင်း ကားပေါ်တင်ကာ မတ္တရာဘက် ပို့နေတာ တွေ့ရတယ်လို့ ဒေသခံ သတင်း ရင်းမြစ်တွေကပြောပါတယ်။

ဒီနေ့ မေ(၁၈)ရက် မနက်ပိုင်း စစ်ယူနီဖောင်း အသစ်တွေ ဝတ်ထားတဲ့ လူအပြည့်တင်ထားတဲ့ ဖောကားနှစ်စီး မန္တလေးမြို့ အရှေ့ဘက် မြို့ပတ်လမ်းကနေ မတ္တရာမြို့ဘက်ကို ထွက်သွားတယ်လို့ ဆိုပါတယ်။

“ကားပေါ်မှာ ထိုင်နေတဲ့ သူတွေရော၊ ဘေးတန်းတွေမှာရော၊ လူအပြည့်ပဲ။ နောက်ဆုံးက လူငယ်လေးတွေ။ တချို့ဆို နေကာမျက်မှန် အနက် တပ်ထားပြီး ရယ်မောနေကြတယ်။ အဲဒီ ကားက မြို့ပတ်လမ်းက နေပြီး ရွှေကျင် တိုးဂိတ်ကို ထွက်သွားတာ။ ကားနှစ်စီး။ လူအပြည့်ပဲ”လို့ မြို့ခံတစ်ဦးက ပြောပါတယ်။

မန္တလေးက သင်တန်းဆင်းစ စစ်သားသစ်နဲ့ပျူတွေ မတ္တရာနယ်ထဲ ချက်ချင်း ပို့နေတဲ့ သတင်းနဲ့ ပတ်သက်ပြီး မေးမြန်းရာ စစ်အုပ်စု စီးနင်းအထိုင်ချ တပ်ဆွဲထားတဲ့ မတ္တရာမြို့နယ်၊ ရွှေဘောင်ကျေးရွာဘက်ကို ဒီမနက်ပိုင်း စစ်ကောင်စီ ဖောကား နှစ်စီး ဝင်ရောက် လာတယ်လို့ မတ္တရာမြို့နယ် ပကဖ သတင်းတာဝန်ခံက ပြောပါတယ်။

သင်တန်းဆင်းပြီးနောက် အလုံပိတ် မှန်လုံကားတွေနဲ့ သပိတ်ကျင်းမြို့နယ်ဘက်ကို အင်အားပို့တာတွေလည်း တွေ့နေရတယ်လို့ မတ္တရာမြို့နယ် ပကဖ သတင်းတာဝန်ခံ ဗိုလ်တောက်က ပြောပါတယ်။

စစ်အုပ်စုဟာ ပြီးခဲ့တဲ့ လတွေကလည်း မန္တလေးမှာ ပျူသင်တန်းဆင်းပွဲ၊ စစ်သင်တန်းဆင်းအွဲတွေ လုပ်ပြီးနောက် သင်တန်းဆင်းစ ပျူတွေ၊ စစ်သားသစ်တွေကို မတ္တရာ၊ စဉ့်ကူးနဲ့ သပိတ်ကျင်းနယ်ဘက် ပို့လေ့ရှိတယ်လို့ ဒေသခံ တော်လှန်ရေး အင်အားစုတွေက ပြောပါတယ်။

အာဏာသိမ်း စစ်အုပ်စုဟာ သင်္ကြန်မတိုင်ခင်က ပုသိမ်ကြီး၊ အမရပူရနဲ့ မတ္တရာ အပါအဝင် မန္တလေးမြို့ ဆင်ခြေဖုံး ရပ်ကွက်တွေနဲ့ ကျူးကျော် ရပ်ကွက်တွေမှာ နေထိုင်သူ အမျိူးသားတွေကို ပျူအဖွဲ့ထဲ ဝင်ပါက လစာပေးမည် ဖြစ်ကြောင်းနဲ့ ပျူအဖွဲ့ထဲ မဝင်ပါကလည်း စစ်သားသစ် စုဆောင်းခံရမှာမို့ လစာရမယ့် ပျူအဖွဲ့ထဲ ဝင်ကြဖို့ စည်းရုံးကာ ပျူအဖွဲ့ဝင်သစ်တွေ စုဆောင်းခဲ့တယ်လို့ မြို့ခံတွေက ပြောပါတယ်။


Comments

Leave a Reply

Your email address will not be published. Required fields are marked *