ရွှေညောင်ပင်တိုက်ပွဲတွင် စစ်ကောင်စီ‌တိုက်လေယာဉ်တစ်စီးကို KIA ပစ်ချ

ကချင်ပြည်နယ် ဝိုင်းမော်မြို့အနီး ရွှေညောင်ပင်ကျေးရွာမှ စစ်ကောင်စီတပ်၏ ခလရ (၃၂၁)တပ်စခန်းတိုက်ပွဲတွင် တိုက်လေယာဉ်တစ်စီးကို KIA က ပစ်ချလိုက်ကြောင်း သိရသည်။

အဆိုပါတပ်စခန်းကို ကချင်လွတ်လပ်ရေတပ်မတော်(KIA)နှင့် KPDFက ယနေ့ ၂၀၂၄ခုနှစ် မေလ(၁၈)ရက်နေ့ နံနက်ပိုင်းမှစတင် ထိုးစစ်ဆင် တိုက်ခိုက်နေရာ ဗုံးလာကြဲသည့် စစ်ကောင်စီတိုက်လေယာဉ်ကို ပစ်ချနိုင်ခဲ့ခြင်းဖြစ်သည်ဟု သိရသည်။

“ရွှေညောင်ပင် ခလရ(၃၂၁)တပ်တိုက်ပွဲမှာ တိုက်လေယာဉ်တစ်စီး ပစ်ချနိုင်တာ အတည်ပြုပါတယ်။ မနက်(၁၀)နာရီလောက်မှာပါ။”ဟု KIA ရဲဘော်တစ်ဦးက ပြောသည်။

KIA သည် ယနေ့နံနက်ပိုင်းတွင် ရွှေညောင်ပင် ဂါးရာယန်၊ မြစ်ကြီးနား-လိုင်ဇာလမ်း၊ ကဇူး၊ ဒဘတ်တပ်စခန်းများကို တပြိုင်တည်း ထိုးစစ်ဆင် တိုက်ခိုက်နေကြောင်း သိရသည်။

ထို့အပြင် မိုးမောက်နှင့် မံစီမြို့နယ်ရှိ စစ်ကောင်စီ တပ်စခန်းများကို တိုက်ခိုက်နေရာ တိုက်ပွဲပြင်းထန်ပြီး နေအိမ်အများအပြား ပျက်စီးကာ ဒေသခံများ ထိခိုက်သေဆုံးသူရှိကြောင်း သိရသည်။

KIA သည် မတ်လ (၇)ရက်နေ့က စတင်ပြီး စစ်ကောင်စီတပ်စခန်းများကို ထိုးစစ်ဆင် တိုက်ခိုက်ခဲ့ရာ ယနေ့အထိ စစ်ကောင်စီတပ်စခန်း(၁၀၀)ဝန်းကျင်ကို သိမ်းပိုက်ထားသည်။


Comments

Leave a Reply

Your email address will not be published. Required fields are marked *