အောင်ဇေယျစစ်ကြောင်း ဒေါနတောင်တွင် သေဆုံး ဒဏ်ရာရသူ စုစုပေါင်း ၄၀၀ ခန့်ရှိနေပြီဟု စစ်ရေးရင်းမြစ်ပြော
“မကြာတော့ဘူးသူတို့ တုံးလုံးပတ်လက်ဖြစ်တော့မယ်။ သူတို့ကလည်း နိုင်ငံတော်အဆင့်၊ ဒီဘက်ကလည်း ကလေးတွေက သိတဲ့အတိုင်းပဲ” -ကရင်စစ်ရေးရင်းမြစ်
စစ်ကြောင်းထိုးလာသည်မှာ ရက် ၄၀ ကျော်လာသော်လည်းဒေါနတောင်ပေါ်၌ ရှေ့ဆက်မတိုးနိုင်ဘဲ ရပ်တန့်နေသည့် စစ်ကောင်စီ၏ အောင်ဇေယျစစ်ကြောင်းနှင့် တော်လှန်ရေးပူးပေါင်းတပ်များ နှစ်ရက်ဆက်တိုက်ပွဲပြင်းထန်ခဲ့ကြောင်း ကရင်စစ်ရေးသတင်းရင်းမြစ်က ပြောကြားသည်။
မေလ ၁၆ရက်နှင့် မေလ ၁၇ရက်တွင် ဒေါနတောင်ပေါ်၌ စစ်ကောင်စီ၏ အောင်ဇေယျစစ်ကြောင်းနှင့် တော်လှန်ရေးပူးပေါင်းတပ်များ တိုက်ပွဲပြင်းထန်ခဲ့ပြီး စစ်ကောင်စီက ဂျက်ဖိုက်တာ နှစ်စီးဖြင့် လာရောက်ဗုံးကြဲတိုက်ခိုက်ခဲ့သည်ဟု ၎င်းတို့က ပြောသည်။
“နှစ်ရက်ဆက် တိုက်ပွဲကပြင်းတယ်။ ၁၆ရက်နေ့က ဂျက်ဖိုက်တာနဲ့ နှစ်ကြိမ်၊ ဒီနေ့ က တစ်ကြိမ်လာကြဲတယ်။ ရဲဘော်တွေ ဘေးကင်းပါတယ်”ဟု စစ်ရေးသတင်းရင်းမြစ်တစ်ဦးက ပြောကြားသည်။
အောင်ဇေယျစစ်ကြောင်း၏ အတွင်းသတင်းပေးမှုအရ တပ်မ ၂၂ ၊ တပ်မ ၄၄ ၊ တပ်မ ၅၅ ၊တပ်မ ၇၇ တို့မှ အင်အား ၁၂၀၀ ခန့်ဖြင့် ချီတက်လာသော စစ်ကြောင်းမှာ ဒေါနတောင်တွင် တစ်လ ဝန်းကျင်အကြာ၌ စစ်သား ၄၀၀ခန့်မှာ သေဆုံး ၊ ဒဏ်ရာရထားသည်ဟု သိရကြောင်း အထက်ပါစစ်ရေးရင်းမြစ်က ဆက်ပြောသည်။ ထို့ကြောင့် အောင်ဇေယျစစ်ကြောင်းမှာ အင်အား( ၈၀၀ )ဝန်ကျင်သာ ကျန်ရှိတော့မည်ဖြစ်ကြောင်း၎င်းကဆက်သည်။ ထို့အပြင်တပ်မ(၅၅)မှာ ဖွဲ့စည်းပုံပျက်သည့်သဘောဖြစ်နေ၍ တပ်မ(၇၇)ထပ်မံစေလွှတ်ပြီး ပြန်လည်စုဖွဲ့မှုပြုလုပ်နေသည်ဟု ကရင်စစ်ရေးသတင်းရင်းမြစ်က မေလဆန်းပိုင်းတွင် ပြောထားသည်။
“မကြာတော့ဘူးသူတို့ တုံးလုံးပတ်လက်ဖြစ်တော့မယ်။ သူတို့ကလည်း နိုင်ငံတော်အဆင့်၊ ဒီဘက်ကလည်း ကလေးတွေက သိတဲ့အတိုင်းပဲ”ဟု ကရင်စစ်ရေးသတင်းရင်းမြစ်က ပြောသည်။
ကရင်အမျိုးသားအစည်းအရုံး(KNU)ကအာရှလမ်းအတိုင်း စစ်ကြောင်းထိုးလာသောစစ်ကောင်စီတပ်ကို KNLA ၊ KNDO ၊ PDFတို့က အဆင့်ဆင့်ဖြတ်တောက်တိုက်ခိုက်ရာ အင်အားရာကျော်သေဆုံးကြောင်း ဧပြီ ၁၈ ရက်ကတည်းက ထုတ်ပြန်ခဲ့သည်။
ထိုအပြင် ရှေ့တိုးလာသောစစ်ကြောင်းကိုထပ်မံတိုက်ခိုက်ရာ သံချပ်ကာ တစ်စီး၊စစ်သုံးယာဥ် ၂ စီးလက်နက်ခဲယမ်းအများအပြားသိမ်းဆည်းရရှိကာ ဗိုလ်ကြီး တစ်ဦးအပါအဝင် စစ်သား ခြောက်ဦးသေဆုံးခဲ့ကြောင်း ဧပြီ ၂၂ ရက်တွင် KNU ကဓါတ်ပုံမှတ်တမ်းများနှင်ွတကွထုတ်ပြန်သည်။ထိုနောက်ပိုင်း တစ်လကျော်ကြာသည့်KNU က အောင်ဇေယျစစ်ကြောင်းအားတိုက်ခိုက်နေသည့်သတင်းများထပ်မံမထုတ်ပြန်သေးပေ။တိုက်ပွဲများတွင် တော်လှန်ရေးတပ်ဖွဲ့ဝင်များလည်း ထိခိုက်ကျဆုံးမှူ အချို့ရှိကြောင်း ကျဆုံးရဲဘော်အချို့၏ မိတ်ဆွေများထံမှ သိရသည်။
မြဝတီမြို့ကို စစ်ကူပို့ရန် “အောင်ဇေယျစစ်ဆင်ရေး”ဟုအမည်ပေး၍ နိုင်ငံတော်အဆင့်စစ်ဆင်ရေးဟုဆိုကာ အင်အားတသ်ထောင်ကျော်ဖြင့် ဧပြီ ၇ ရက်မှ ဖာအံ၊မော်လမြိုင် တို့မှစ၍ ချီတက်လာသော စစ်ကြောင်းသည် လက်ရှိတွင် ဒေါနတောင်ပေါ်ရှိ တောနောရေတံခွန်အကျော် ဘုရားကုန်းတွင် ရောက်ရှိရပ်တန့်နေသည်ဟုသိရသည်။ ဒုအာဏာသိမ်းစစ်ခေါင်းဆောင် ဒုချုပ် ဒုဗိုလ်ချုပ်မှူကြီးစိုးဝင်းက ၄ ရက်ဖြင့် မြဝတီမြို့ အရောက် နိုင်ငံတော်အဆင့် စစ်ဆင်ရေးဟု ဆိုခဲ့သော်လည်း ရက်ပေါင် ၄၀ ကျော် ကြာသည်အထိ ဒေါနတောင်ပေါ်တွင် ပိတ်မိနေခြင်းဖြစ်သည်။
“တိုက်ပွဲကတော့ နေ့တိုင်းဖြစ်နေတယ်။ ကိုယ့် ဘက်က အေးဆေးပဲ”ဟု ဒေါနတောင်ပေါ်၌ အောင်ဇေယျစစ်ကြောင်းအား တိုက်ခိုက်နေသော ကော်ဘရာပူးပေါင်းတပ်မှ PDF တစ်ဦးက ပြောသည်။
အောင်ဇေယျစစ်ကြောင်းမှ တပ်မ(၅၅) လက်အောက်ခံ တပ်သားများ ရက္ခိုင်ပြည်နယ် တိုက်ပွဲသို့ စစ်ကူခွဲပေးပို့သည်ဟု သိရှိရကြောင်း အောင်ဇေယျစစ်ကြောင်းအား တိုက်ခိုက်နေသော တောင်ပိုင်းတိုင်း၊ အမှတ်(၃၁)ဗျူဟာ လက်အောက်ခံ ကျားဖြူစစ်ကြောင်းမှ ဒုစစ်ကြောင်းမှူး ဗိုလ်မှူးကျော်ဟိန်းက ပြောထားသည်။
ထိုတပ်သားအချို့ကို ရက္ခိုင်ပြည်နယ်သို့ပေးပို့ရန် ကားခုနစ်စီးခန့်ဖြင့် ထုတ်နှုတ်သွားသည်ဟု People’s Spring၏ ကရင်စစ်ရေးသတင်းရင်းမြစ်ကလည်း ပြောသည်။
ထိုအပြင် မေလ ၁၂ရက်ကလည်း အောင်ဇေယျစစ်ကြောင်းမှ တပ်မ(၅၅) လက်အောက်ခံ ခလရ(၉၄)တပ်ရင်းစစ်ကြောင်း(၂)မှ တပ်သား နှစ်ဦး လက်နက်နှင့်အတူ ကျားဖြူစစ်ကြောင်းထံ အလင်းဝင်လာခဲ့သည်။ ပြီးခဲ့သည့် ဧပြီ ၄ရက်ကလည်း အောင်ဇေယျစစ်ကြောင်းမှ စကခ(၁၂) လက်အောက်ခံ ခမရ(၂၃၀)၏ စစ်ကောင်စီတပ်သားသုံးဦး လက်နက်များနှင့်အတူ ကျားဖြူစစ်ကြောင်းထံ အလင်းဝင်လာခဲ့သည်။
“ပြည်သူ့ရင်ခွင်ခိုလှုံချင်တဲ့ စစ်သားတွေကို ဖိတ်ခေါ်ပါတယ်။ အမှားနဲ့အမှန်ကို စဥ်းစာချင့်ချိန်တက်မယ်လို့လည်းမြင်ပါတယ်။ စစ်ကောင်စီရဲ့ လုပ်ရပ်တွေဟာ သူတို့ရဲ့လက်တစ်ဆုပ်စာကိုကာကွယ်စောင့်ရှောက်ဖို့အတွက် နိုင်ငံသူ၊နိုင်ငံသားတွေကို အချင်းချင်းသွေးခွဲပြီး သတ်ဖြတ်နေတဲ့လုပ်ရပ်တွေကို အမြန်ဆုံးချုပ်ငြိမ်းစေချင်တဲ့ ဆန္ဒနဲ့ပေါ့။ ပြည်သူ့ရင်ခွင်လောက်ငြိမ်းချမ်းအေးမြတဲ့နေရာ မရှိပါဘူး”ဟု ဗိုလ်မှူးကျော်ဟိန်းက ပြောသည်။
စစ်ကောင်စီ၏ အောင်ဇေယျစစ်ကြောင်းမှ စစ်ကောင်စီတပ်သားများသည် ယခင်ကလည်းအလင်းဝင်ရောက်လာရန် ချိတ်ဆက်မှုများရှိခဲ့သည်ဟု ဗိုလ်မှူးကျော်ဟိန်းက ပြော
သည်။
ထို့အပြင် အောင်ဇေယျစစ်ကြောင်း၏ ခလရ(၉၄)၏ ယာယီတပ်ရင်းမှူး ဗိုလ်မှူး သန့်ဇော်ဝင်းလည်း ဒေါနတောင်ပေါ်၌ ဧပြီ ၃ရက်ကတိုက်ပွဲအတွင်း သေဆုံးခဲ့သည်။
ကော်ဘရာစစ်ကြောင်း(၁) စစ်ကြောင်းမှူး ဗိုလ်စောကော်ကလည်း အောင်ဇေယျစစ်ကြောင်းမှ ထွက်ပြေးသည့် စစ်သုံ့ပန်းများအား ဖမ်းမိထားသည်ဟု ကပြောထားသည်။ သို့သော် အရေအတွက်ကိုမူပြောကြားခြင်းမရှိပေ။
အောင်ဇေယျစစ်ကြောင်းအား တောင်ပိုင်းတိုင်း အမှတ်(၃၂)ဗျူဟာက ဦးဆောင်ပြီး ကော်ဘရာ၊ ကျားသစ်နက်၊ VENOM စစ်ကြောင်းတို့က အဓိကတိုက်ခိုက်နေပြီး အမှတ်(၃၁) ဗျူဟာမှ ကျားဖြူ၊ SOG အပြင် အခြားစစ်ကြောင်းများကလည်း ပူးပေါင်းတိုက်ခိုက်နေသည်။
စစ်ကောင်စီ၏ အောင်ဇေယျစစ်ကြောင်းသည် ဧပြီ ၇ရက်ခန့်တွင် မော်လမြိုင်မြို့မှ စတင်ထွက်ခွာလာခြင်းဖြစ်ပြီး ဧပြီ ၁၁ရက်တွင် ကော့ကရိတ်မြို့သို့ ရောက်ရှိလာခဲ့သည်။ အဆိုပါ လမ်းပိုင်းတလျှောက်တွင်လည်း ဂျိုင်းတံတားမှ စ၍ တော်လှန်ရေးပူးပေါင်းတပ်များက တိုက်ခိုက်ခဲ့ပြီး သေဆုံးထိခိုက်မှုများရှိခဲ့သည်။သို့သော် ကော့ကရိတ် မြို့အထွက်မှ ဒေါန တောင်ခြေ ၊တောင်ပေါ်တွင် စစ်ကောင်စီတပ်မှာတော်လှန်ရေးပူးပေါင်းတပ်များ၏ အဆင့်ဆင့် ပိတ်ဆို့ တိုက်ခိုက်မှုကြောင့် သေဆုံးထိခိုက်မှုများက အထိအနာနေခြင်းဖြစ်သည်။
(အောင်ဇေယျ စစ်ကြောင်းကိုတိုက်ခိုက်နေသော ကော်ဘရာစစ်သည်များ ၊စစ်ကောင်စီတပ်မှ သံချပ်ကာနှင့် စစ်ကားတို့အား တိုက်ခိုက်သိမ်းယူသွားသော ကော်ဘရာစစ်ကြောင်းတပ်ဖွဲ့ဝင်များ။ ဓါတ်ပုံ-Cobra Column ၊KNU )
Leave a Reply