ထားဝယ်စီမံကိန်းအတွက် ရုရှားကို ရွေးချယ်မှု တရုတ် စိတ်ပျက်ဒေါသထွက်

မြန်မာစစ်ကောင်စီဟာ ထားဝယ်ရေနက်ဆိပ်ကမ်းစီမံကိန်းတည်ဆောက်ရေးအတွက် ရင်းနှီးမြှုပ်နှံစေဖို့ ရုရှားကို မကြာသေးခင်ကပဲ ရွေးချယ်လိုက်ပါတယ်။ ဒီဆုံးဖြတ်ချက်ကြောင့် ထားဝယ်ရေနက်ဆိပ်ကမ်းစီမံကိန်းကို စိတ်ဝင်စားမှု ပြထားတဲ့ တရုတ်နဲ့ မြန်မာစစ်ကောင်စီအကြား ဆက်ဆံရေးတင်းမာလာခဲ့ပါတယ်။

ထားဝယ်ရေနက်ဆိပ်ကမ်းစီမံကိန်းဟာ တနင်္သာရီတိုင်းဒေသကြီး ၊ ရေဖြူမြို့နယ် ၊ နဘုလယ်ဒေသ ကမ်းရိုးတန်းမှာ တည်ရှိပါတယ်။ ထိုင်းကုမ္ပဏီ အီတာလျံထိုင်း နဲ့ မြန်မာအစိုးရကြား နှစ်နှိင်ငံစီးပွားရေးပူးပေါင်းဆောင်ရွက်မှုတစ်ရပ်အနေနဲ့ ထားဝယ်ရေနက်ဆိပ်ကမ်းစီမံကိန်းကို ၂၀၀၈ ခုနှစ်က စတင်ခဲ့ပါတယ်။ နောက်ပိုင်းမှာတော့ မြန်မာနဲ့ ထိုင်း နှစ်နိုင်ငံ အစိုးရကြားက စီမံကိန်း အဖြစ် ပြောင်းသွားခဲ့ပါတယ်။

တရုတ်ရဲ့ လွှမ်းမိုးမှုကို တန်ပြန်ဖို့ ရုရှားနဲ့ ဆက်ဆံရေး မြှင့်တင်ဖို့ ကြိုးစားနေတဲ့ မြန်မာစစ်ကောင်စီဟာ ထားဝယ်ရေနက်ဆိပ်ကမ်းစီမံကိန်းနဲ့ ပတ်သက်ပြီး ရုရှားနဲ့ ဆွေးနွေးမှုတွေ ပြုလုပ်နေပါတယ်။ တန်ချိန် ၁၀ သန်း ခံနိုင်ဝန်ရှိတဲ့ ဆိပ်ကမ်းတစ်ခုနဲ့ တစ်နေ့ ရေနံစည်ပေါင်း တစ်သိန်း ထုတ်လုပ်ပေးနိုင်တဲ့ ရေနံချက်စက်ရုံတစ်ခု တည်ဆောက်ဖို့ ရုရှားနဲ့ ဆွေးနွေးနေတာပါ။ ဒါပေမယ့် ဒီစီမံကိန်းမှာ ရုရှားရဲ့ ပါဝင်လာမှုကို တရုတ်က စိုးရိမ်နေပါတယ်။ ရုရှားရဲ့ ပါဝင်ပတ်သက်မှုကြောင့် ကျောက်ဖြူမှာရှိတဲ့ သူ့ရဲ့ စီမံကိန်းတွေထိခိုက်လာမှာကို စိုးရိမ်နေသလို ဒေသတွင်းကမ္ဘာ့ကုန်သွယ်ရေးမျက်နှာစာမှာ သူ့အကျိုးစီးပွား ထိခိုက်လာမှာကို တရုတ်က ရတက်မအေး ဖြစ်နေတာပါ။ မော်စကိုနဲ့ ဆက်ဆံရေး အားကောင်းလာစေဖို့ ကြိုးစားနေတဲ့ အာဏာသိမ်းစစ်အုပ်စုကတော့ ရေနက်ဆိပ်ကမ်းစီမံကိန်းမှာတင်မကဘဲ ရေနံချက်စက်ရုံတစ်ရုံပါဝင်တဲ့ အထူးစီးပွားရေးဇုန်မှာပါ ရင်းနှီးမြှုပ်နှံဖို့ ရုရှားကို ဆွဲဆောင်နေပါတယ်။

တရုတ်နိုင်ငံဟာ ထားဝယ်ရေနက်ဆိပ်ကမ်းစီမံကိန်း အကောင်အထည်ဖော်ဖို့ အောင်မြင်နိုင်ခြေရှိမရှိဆိုတာကို သုံးသပ်တဲ့ လေ့လာမှုတစ်ရပ်ကို ယခင်က လုပ်ဆောင်ထားခဲ့ဖူးပါတယ်။ ဒါပေမယ့် နောက်ပိုင်းမှာ တရုတ်က ထားဝယ်ရေနက်ဆိပ်ကမ်းစီမံကိန်းကနေ ကျောက်ဖြူရေနက်ဆိပ်ကမ်းစီမံကိန်းကို အာရုံပြောင်းသွားခဲ့ပါတယ်။ အိန္ဒိယအစိုးရက တည်ဆောက်ထားတဲ့ စစ်တွေဆိပ်ကမ်းနဲ့ နီးကပ်တဲ့ ကျောက်ဖြူရေနက်ဆိပ်ကမ်းကိုပဲ တရုတ်က အာရုံစိုက်နေခဲ့ပါတယ်။

ဒီအချိန်မှာပဲ ထားဝယ်ရေနက်ဆိပ်ကမ်းစီမံကိန်းအတွက် ရုရှားကို မြန်မာက ဗဟိုပြုလိုက်တဲ့အတွက် တရုတ်အစိုးရဘက်က အင်မတန်ဒေါသထွက်နေတယ်လို့ သိရပါတယ်။ ရုရှားရဲ့ ပါဝင်လာမှုကြောင့် တရုတ်ဟာ သူ့ကို ချောင်ထိုးခံလိုက်ရသလို ခံစားနေရတယ်လို့ ကျွမ်းကျင်သူတွေက ပြောပါတယ်။

■ ထားဝယ်ရေနက်ဆိပ်ကမ်းရဲ့ မဟာဗျူဟာမြောက်အရေးပါမှု

ပထဝီအနေအထားအရ ကြည့်မယ်ဆိုရင် ကပ္ပလီပင်လယ်နဲ့ ထိစပ်နေပြီး မြန်မာနိုင်ငံရဲ့ တနင်္သာရီတိုင်းဒေသကြီးကမ်းရိုးတန်းမှာ တည်ရှိတဲ့ ထားဝယ်ရေနက်ဆိပ်ကမ်းစီမံကိန်းဟာ မဟာဗျူဟာအရ သိသိသာသာ အရေးပါနေပါတယ်။ ဒီရေနက်ဆိပ်ကမ်းစီမံကိန်းဟာ မဟာမဲခေါင်ဒေသခွဲ(Greater Mekong Sub-region)နိုင်ငံတွေဆီကို ဝင်ပေါက်တစ်ခုအဖြစ် ရှိနေပါတယ်။ စီမံကိန်းတည်နေရာအရ ဘန်ကောက်နဲ့ နီးကပ်တာကြောင့်လည်း ထိုင်းနိုင်ငံနဲ့ ကုန်သတ္တာနဲ့ ကုန်စည် စီးဆင်းကုန်သွယ်မှုအတွက် အင်မတန်အရေးပါတဲ့ ဆိပ်ကမ်းတစ်ခု ဖြစ်လာဖို့ အလားအလာရှိပါတယ်။

စီမံကိန်းအကောင်အထည်ဖော်ပြီးစီးသွားခဲ့ရင်တော့ ထားဝယ်ရေနက်ဆိပ်ကမ်းဟာ အရှေ့တောင်အာရှရဲ့ အရေးပါဆုံးဆိပ်ကမ်းတွေထဲကတစ်ခု ဖြစ်လာမှာ အမှန်ပါပဲ။ အိန္ဒိယသမုဒ္ဒရာထဲက နိုင်ငံတွေ ၊ အရှေ့အလယ်ပိုင်းနိုင်ငံတွေ ၊ ဥရောပ ၊ အာဖရိကနိုင်ငံတွေကို မလက္ကာရေလက်ကြားကို ဖြတ်သန်းစရာမလိုဘဲ ချိတ်ဆက်ပေးသွားနိုင်မယ့်ဆိပ်ကမ်းတစ်ခု ဖြစ်လာပါမယ်။ နှစ်စဉ် ကုန်စည်ပေါင်း မက်ထရစ်တန်ချိန် ၁၀၀ ကျော်ကို လက်ခံဖြန့်ဖြူးပေးနိုင်မယ့် အရေးပါတဲ့ ဆိပ်ကမ်းတစ်ခုအဖြစ် အရေးပါလာဦးမှာ ဖြစ်ပါတယ်။

■ မြန်မာ-ရုရှား ပူးပေါင်းဆောင်ရွက်မှု ကြီးထွားလာခြင်း

မြန်မာနိုင်ငံမှာ ရုရှားရဲ့ ပါဝင်ပက်သက်မှုဟာ စီးပွားရေးနဲ့ ကာကွယ်ရေးပူးပေါင်းဆောင်ရွက်မှုတွေမှာတင်မကဘဲ စစ်ရေးလေ့ကျင့်သင်ကြားပေးတာ ၊ စစ်လက်နက်ပစ္စည်းထောက်ပံ့တာတွေနဲ့ ဒေါ်လာသန်းပေါင်းများစွာတန်တဲ့ နှစ်နိုင်ငံ သဘောတူစာချုပ်ချုပ်ဆိုတာတွေအထိ ရှိနေပါတယ်။ စနိုက်ပါနဲ့ ဒရုန်းလေ့ကျင့်သင်ကြားရေးတွေကိုပါ ရုရှားက မြန်မာစစ်တပ်ကို ကမ်းလှမ်းထားပါတယ်။ Small Modular Reactors (SMRs) လို့ ခေါ်တဲ့ အသေးစား အနုမြူဓာတ်ပေါင်းဖိုတွေကိုပါ မြန်မာစစ်အုပ်စုကို ပေးဖို့အတွက် ရုရှားက စဉ်းစားနေတယ်လို့ Economic Times မှာ ဖော်ပြထားပါတယ်။ မြန်မာစစ်အုပ်စုရဲ့ နျူကလီးယားနည်းပညာနယ်ပယ်မှာ ရုရှားရဲ့ ပူးပေါင်းဆောင်ရွက်မှုတွေကြောင့် ရန်ကုန်မြို့မှာ Nuclear Technology Information Centre ဖွင့်လှစ်လာနိုင်ခဲ့ပါတယ်။

■ အိန္ဒိယအတွက် ရိုက်ခတ်မှု

မြန်မာနိုင်ငံရဲ့ အခြေခံအဆောက်အဦနဲ့ စွမ်းအင်စီမံကိန်းတွေမှာ တရုတ်ရဲ့ ကျယ်ကျယ်ပြန့်ပြန့် နေရာယူထားမှုတွေကို အိန္ဒိယက မရှုစိမ့်ပါဘူး။ ဒါကြောင့် အိန္ဒိယအနေနဲ့ မြန်မာနဲ့ရုရှားအကြား ဆက်ဆံရေးနီးကပ်လာတာကို နှစ်ခြိုက်ဖို့ များပါတယ်။

မြန်မာနဲ့ ရုရှားအကြား မိတ်ဖက်ပြုမှုအားကောင်းလာတာဟာ ဘင်္ဂလားပင်လယ်အော်ဒေသအတွင်း တည်ငြိမ်မှုကို ထိန်းသိမ်းဖို့ သမိုင်းတလျှောက် ကြိုးစားလာခဲ့တဲ့ အိန္ဒိယရဲ့ အကျိုးစီးပွားနဲ့လည်း ကိုက်ညီတာလည်း အမှန်ပါပဲ။

အိန္ဒိယအခြေစိုက် Swarayja မဂ္ဂဇင်းပါ China’s Frustration Grows As Myanmar Seeks Russian Partnership For Dawei Strategic Port Project ကို ဘာသာပြန်ဆိုပါသည်။ မူရင်း ဆောင်းပါးရှင်၏ အာဘော်သာ ဖြစ်ပါသည်။


Comments

Leave a Reply

Your email address will not be published. Required fields are marked *