လျို့ဝှက်စစ်ဘက်သုံးဒေတာစင်တာတွင်လည်း ဗိုလ်မှူးကျော်ဇောရဲပတ်သက်နေပြီး ရုရှားနှင့် ဘီလာရုစ်တို့မှ အရာရှိများတက်ရောက်

စစ်ခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်၏ လူယုံဖြစ်သော ဗိုလ်မှူးကျော်ဇောရဲပတ်သတ်နေသော Myanmar Data Science and Satellite Technology Center (MSTC)ကို ယနေ့ (မေလ ၁၉ ရက်) နေ့တွင် ရန်ကုန်မြို့မှာဖွင့်လှစ်သွားမှာဖြစ်ပြီး ရုရှားနှင့် ဘီလာရုစ်နိုင်ငံများမှ အရာရှိများလည်း တက်ရောက်မှာဖြစ်ကြောင်း မဇ္ဈိမက စုံစမ်းဖော်ထုတ်သိရှိရသည်။

ထိပ်တန်းလျှို့ဝှက်ချက်အဖြစ် အကောင်အထည်ဖော်နေခဲ့သော MSTC တွင် ဗိုလ်မှူးကျော်ဇော်ရဲမှာ ပါမောက္ခအဖြစ်စာရင်းသွင်းထားပြီး လုံခြုံရေးပိုင်းဆိုင်ရာဌာနအကြီးအကဲအဖြစ်တာဝန်ယူထားသည်။

ရုရှားနှင့် ဘီလာရုစ်မှ အရာရှိဧည့်သည် နှစ်ဒါဇင်ခန့်နှင့်အတူ အိန္ဒိယပုဂ္ဂလိကဏ္ဍမှလူပုဂ္ဂိုလ်များ တက်ရောက်ရန် ဖိတ်ကြားထားသည်ကို စုံစမ်းသိရှိရသည်။

အဆိုပါစင်တာသည် ကောင်းကင်ဂြိုလ်တုဓာတ်ပုံများရိုက်ကူးမှု၊ spatial သတင်းအချက်အလက်များ၊ Geospatial data များစီမံခန့်ခွဲမှုတို့ပါဝင်ကာ စစ်ကောင်စီက အားထုတ်မြှင့်တင်နေသော ဒရုန်းတိုက်ခိုက်မှုများနှင့်လည်း ဆက်နွယ်နေပြီး သင်တန်းများပို့ချမှာဖြစ်သည်ဟု သိရသည်။

စစ်ကောင်စီတပ်က တရုတ်နိုင်ငံမှ ကောင်းကင်ဓာတ်ပုံရိုက်ကူးမှုဆိုင်ရာစနစ်ကို ဝယ်ယူထားခဲ့ပြီး မကြာသေးခင်က ကချင်ပြည်နယ် မြစ်ကြီးနားမြိုကို မြေပုံထုတ်ခဲ့သည်။

MSTC တွင်ပါဝင်ပတ်သက်နေသူများတွင် ဗိုလ်မှူးကျော်ဇောရဲ၏ လက်ရင်းတပည့်ဖြစ်သူ ရုရှားပြန် ဗိုလ်ကြီးရှိန်းပိုင်ချစ်၊ ဒေါက်တာတိုးဝေထွန်း၊ ဝေစည်ပိုင်၊ ရန်နိုင်လင်း၊ ဇင်ဖြိုးလွင်၊ အောင်ဌေး၊ မျိုးထက်အောင်နှင့် ရုံးလက်ထောက် ဟိန်းထက်နိုင်တို့ပါဝင်သည်ကို မဇ္ဈိမက တွေ့ရှိရသည်။

ဒေါက်တာတိုးဝေထွန်းသည် ပြင်ဦးလွင် တပ်မတော်သိပ္ပံနှင့် နည်းပညာ သုတေသနဌာနချုပ် (သသန)မှ ဖြစ်ပြီး ဗိုလ်မှူးကျော်ဇောရဲကလည်း သသန၏ ဂုဏ်ထူးဆောင်ပါမောက္ခအဖြစ်လည်း ပြည်ပဆွေးနွေးမှုများသို့ တက်ရောက်လေ့ရှိသည်။

သိုသိုသိပ်သိပ်နေလေ့ရှိသော ဗိုလ်မှူးကျော်ဇောရဲနှင့်ပတ်သက် မဇ္ဈိမက စုံစမ်းဖော်ထုတ်ခဲ့ပြီးနောက် သူနှင့် ရှိန်းပိုင်ချစ်တို့နှစ်ဦးလုံး လုံခြုံရေးစိုးရိမ်ကာ ရွှေ့ပြောင်းအိပ်ခြင်းများဖြစ်ပေါ်လာခဲ့သည်။ သို့သော် သူ၏အကြောင်းဖော်ထုတ်ရာက မဇ္ဈိမဝက်ဘ်ဆိုက်များနှင့် ဖေ့စ်ဘုတ်များကို Hack (ဟက်) ဖို့ကြိုးစားမှုဖြစ်ခဲ့သလို ၎င်းသတင်းဖေ့စ်ဘုတ်စာမျက်နှာကို အုံလိုက်ကျင်းလိုက် လိမ်လည် Report လုပ်မှုဖြစ်ပေါ်ခဲ့သည်။

Information Computer Science ဘာသာရပ်ဖြင့် မဟာဘွဲ့ရရှိခဲ့ပြီး ရုရှားနိုင်ငံ မော်စကိုရှိ တက္ကသိုလ်တခုမှ ဒေါက်တာဘွဲ့ရရှိခဲ့သော အသက် ၃၉ နှစ်အရွယ် ဗိုလ်မှူးကျော်ဇောရဲသည် စစ်ကောင်စီတပ်၏ အင်းတိုင်အခြေစိုက် သတင်းတု၊ သတင်းမှားထုတ်လုပ်မှုတပ်ဖွဲ့ကို ဦးစီးသူလည်းဖြစ်သည်။

အနောက်တိုင်းဆန့်ကျင်ရေးအမြင်ရှိကာ ရုရှားလိုလားသူ သူ့ကို စစ်ကောင်စီကိုယ်စားပြုကာ ပြည်ပနိုင်ငံများနှင့် ဆွေးနွေးရာတွင် ကိုယ်စားလှယ်တဦးအဖြစ် ပါဝင်နိုင်ရန် မင်းအောင်လှိုင်က လျာထားလုပ်ဆောင်နေသည်။

ဗိုလ်မှူးကျော်ဇောရဲသည် စစ်ကောင်စီ၏ လူဝင်မှုကြီးကြပ်ရေးနှင့်ပြည်သူ့အင်အားဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးမြင့်ကြိုင်၏သားမက်ဖြစ်ကာ ကိုဗစ်ကာလ ရုရှားနိုင်ငံထုတ် ကာကွယ်ဆေးကို ဗိုလ်ချုပ်ကြီးမင်းအောင်လှိုင်အတွက် ရရှိအောင် စွမ်းဆောင်နိုင်ခဲ့သူဖြစ်သည်။ ထိုစဉ်က အရပ်သားအစိုးရခေါင်းဆောင်များပင် ကာကွယ်ဆေးမရသေးချိန်ဖြစ်သည်။ သူသည် ယခုအခါ ရုရှားနှင့် ဘီလာရုစ်တို့မှ အဆင့်မြင့် ဒရုန်း ၁၅ စီး ဝယ်ယူနိုင်ခဲ့ပြီး လောင်စာဆီမှောင်ခိုတင်သွင်းမှုတွင်လည်း လူသိနည်းသော လုပ်ငန်းရှင်များနှင့် ချိတ်ဆက်လုပ်ဆောင်နေသည်။

MSTC တည်နေရာနှင့်ပတ်သက်၍ ထိပ်တန်းအဆင့်လျှို့ဝှက်ထားသော်လည်း ဒေသခံ ဆက်သွယ်ရေးနည်းပညာဆိုင်ရာကျွမ်းကျင်သူတဦးကမူ ကိုးမိုင်ရှိ Informaiton Technology and Mobile Communication ဝင်းအတွင်း ထားရှိနိုင်သည်ဟု မဇ္ဈိမကို အကြံပြုသည်။

လုံခြုံရေးတင်းကြပ်သော အဆိုပါဝင်းအတွင်း MyTel ၏ နည်းပညာအဖွဲ့ရုံးတက်ရပြီး စစ်တပ် စီးပွားရေးလုပ်ငန်းတခုဖြစ်သော မြန်မာ့စီးပွားရေးကော်ပိုရေးရှင်း လက်အောက်ခံ ဆက်သွယ်ရေးတခုဖြစ်သော မက်တဲလ်ဟုအခေါ်များသည့် MEC Tel အခြေစိုက်သည်။

ဂူဂဲလ်မြေပုံအရ အဆိုပါဝင်းအတွင်း အဆောက်အဦသစ်များ ဆောက်လုပ်ထားသည်ကို တွေ့ရသည်။

ဗိုလ်မှူးကျော်ဇောရဲက ဖိတ်ကြားသော အရေးကြီးဧည့်သည်များနှင့်အစည်းအဝေးများကို ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်သား အသက် ၃၉ နှစ်အရွယ် ကိုအောင်ပြည့်စုံ ပိုင်ဆိုင်သော ဟိုတယ်ဖြစ်သည့် ချောင်းသာကမ်းခြေရှိ အဇူရဟိုတယ်တွင် ကျင်းပလေ့ရှိသည်။ ကိုအောင်ပြည့်စုံသည် MyTel တွင်လည်း တဦးချင်းအနေဖြင့် အများဆုံးရှယ်ယာရှင်ဖြစ်သည်။

(ဓါတ်ပုံ) ရုရှားသိပ္ပံအကယ်ဒမီအခမ်းအနားတခုတွင် တွေ့ရသော ဗိုလ်မှူးကျော်ဇောရဲ

(ဓါတ်ပုံ) စစ်ဘက်သုံး MSTC ဒေတာစင်တာ တည်ရှိရာဟု ခန့်မှန်းထားသော ရန်ကုန်မြို့ ကိုးမိုင်ရှိ Informaiton Technology and Mobile Communication

(မြေပုံများ) စစ်ဘက်သုံး MSTC ဒေတာစင်တာ တည်ရှိရာဟု ခန့်မှန်းထားသော ရန်ကုန်မြို့ ကိုးမိုင်ရှိ Informaiton Technology and Mobile Communication တည်နေရာ။


Comments

Leave a Reply

Your email address will not be published. Required fields are marked *