သံတွဲမြို့တွင် AAနှင့် စစ်ကောင်စီတပ် တိုက်ပွဲပြင်းထန်နေ

ယမန်နေ့တိုက်ပွဲအတွင်း ကျေးရွာများအား စစ်ကောင်စီ လေကြောင်းတိုက်ခိုက်၍ အရပ်သား ရှစ်ဦးသေဆုံး

သံတွဲမြို့နယ်တွင် ယနေ့ တိုက်ပွဲပြင်းထန်နေပြီး ယမန်နေ့(မေလ ၁၈ရက်)တိုက်ပွဲအတွင်း စစ်ရေးပစ်မှတ်နေရာမဟုတ်သည့် ကျေးရွာများအား စစ်ကောင်စီ လေကြောင်းတိုက်ခိုက်၍ အရပ်သား ပြည်သူ ရှစ်ဦးသေဆုံးကြောင်း ဒေသခံများကပြောသည်။

သံတွဲမြို့အနီးတွင် စစ်ကောင်စီတပ်နှင့် ရက္ခိုင် တပ်တော်(AA)တို့ ယနေ့ (မေလ ၁၉ရက်)နံနက်က စတင် တိုက်ပွဲများပြင်းထန်နေကြောင်း ဒေသခံများက ပြောသည်။

သံတွဲမြို့ ရွှေလှေကျေးရွာအနီးတွင် တိုက်ပွဲဖြစ်ပွားပြီး စစ်ကောင်စီတပ်က လက်နက်ကြီးများဖြင့် ကျေးရွာများအတွင်း ပစ်ခတ်နေသည်ဟု ဒေသခံတစ်ဦးက ပြောသည်။

” မနက်ကတည်းက လက်နက်ကြီးတွေနဲ့ ကျေးရွာတွေထဲကို ပစ်ခတ်နေတာ။ လေကြောင်းနဲ့ကော စစ်ကူတွေကို ပို့နေတယ်”ဟု သံတွဲဒေသခံတစ်ဦးက ပြောသည်။

သို့သော် တိုက်ပွဲအခြေအနေကို အသေးစိပ်မသိရသေးကြောင်း ၎င်းက ဆိုသည်။

AAက သံတွဲမြို့သိမ်းတိုက်ပွဲဆင်နွှဲမည်ဟု သတင်းများထွက်ပေါ်နေခြင်းကြောင့် သံတွဲမြို့ခံများက စစ်ဘေးရှောင်နေကြပြီး စစ်ကောင်စီတပ်ကလည်း အင်းအားအလုံးအရင်းဖြင့် ဖြည့်တင်းနေသည်ဟုလည်း ဒေသခံများက ပြောသည်။

စစ်ကောင်စီတပ်က AAစခန်းချထားသည့်နေရာဟုယူဆသည့် ကျေးရွာများအား လက်နက်ကြီးနှင့်လေကြောင်းမှ တိုက်ခိုက်မှုများပြုလုပ်နေသည်ဟုလည်း ဒေသခံများက ပြေညသည်။

သံတွဲမြို့နယ် နတ်တောင်မော်ကျေးရွာကို မေလ ၁၈ ရက် ညနေ၄ နာရီကလည်း စစ်ကောင်စီက ဂျက်ဖိုက်တာဖြင့် ဗုံးကြဲတိုက်ခိုက်ခြင်းဟု မြို့ခံချို့က ပြောသည်။

” ဒီညပိုင်းအထိရထားတဲ့သတင်းအရ ညနေက လေကြောင်းတိုက်ခိုက်မှုမှာ ဒေသခံရှစ်ဦးသေဆုံးတယ်လို့ သိရတယ်။ သေဆုံးတဲ့သူတွေရဲ့အချက်အလက်တွေနဲ့ပတ်သက်လို့ အသေးစိတ်မသိရသေးပါဘူး။ တိုက်ပွဲလည်းစစ်ဖြစ်နေတယ် ဆိုတော့ အရမ်းလည်းမသွားရဲဘူး”ဟု မြို့ခံတစ်ဦးက ပြောသည်။

မေလ ၁၄ ရက်ကလည်း သံတွဲမြို့နယ် လင်းသီကျေးရွာကို စစ်ကောင်စီတပ်က လက်နက်ကြီးဖြင့် ပစ်ခတ်တိုက်ခိုက်ရာ အရပ်သား ၁၀ဦးသေဆုံးခဲ့ပြီး သုံးဦးထက်မနည်း ထိခိုက်ဒဏ်ရာရရှိခဲ့သည်ဟု မြို့ခံတစ်ဦးက ပြောသည်။

AAသည် ယမန်နေ့တွင် ဘူးသီးတောင်မြို့ရှိ စစ်ကောင်စီစခန်းများအားလုံး တိုက်ခိုက်သိမ်းပိုက်ခဲ့သည်။

(ဘူးသီးတောင်မြို့နယ်တနေရာတွင် မေလ ၁၈ရက်က တွေ့ရသော AA တပ်သားများ။ဓာတ်ပုံ – AA)


Comments

Leave a Reply

Your email address will not be published. Required fields are marked *