မြဝတီ လဝက မြို့နယ်မှူး ကျော်စိုးထွန်း တရားမဝင်လက်နက်ကိုင်ဆောင်မှုဖြင့် စစ်ကောင်စီ ဖမ်းဆီးချုပ်နှောင်စစ်ဆေးနေ

မြဝတီ လဝက မြို့နယ်မှူး ကျော်စိုးထွန်း တရားမဝင်လက်နက်ကိုင်ဆောင်မှုဖြင့် စစ်ကောင်စီ ဖမ်းဆီးချုပ်နှောင်စစ်ဆေးနေ

မြဝတီလူဝင်မှုကြီးကြပ်ရေးနှင့်ပြည်သူ့အင်အား ဦးစီးဌာန -လဝက မြို့နယ် ဦးစီးမှူးကျော်စိုးထွန်းအား တရားမဝင်လက်နက်ကိုင်ဆောင်မှုဖြင့် စစ်ကောင်စီက ဖမ်းဆီးချုပ်နှောင်စစ်ဆေးနေကြောင်း လဝက ဝန်ထမ်းနှင့်နီးစပ်သူမြို့ခံထံမှ သိရသည်။

ကျော်စိုးထွန်းသည် တရားမဝင်လက်နက်ကိုင်ဆောင်ပြီး UID စမတ်ကဒ် ပွဲစားတစ်ဦးအား ဦးခေါင်း ထုရိုက်အကြမ်းဖက်ဖြစ်စဉ်ကို မြဝတီ (လဝက) ခရိုင်မှူးကျော်ကျော်သန်းက သတင်းပေးတိုင်ကြား ခြင်းကြောင့် မေလ ၁၅ ရက်တွင် မြဝတီမြို့မရဲတပ်ဖွဲ့က ၎င်းအားဖမ်းဆီးချုပ်ထားလိုက်ခြင်းဖြစ်ကြောင်း လဝက ဝန်ထမ်းနှင့်နီးစပ်သည့် မြို့ခံတစ်ဦးက ပြောသည်။

၎င်းက “အဲဒီမြို့နယ်မှူးက ဆက်ဆံရေး ရိုင်းစိုင်းတယ်။ ပစ္စတို ပွိုင့် ၃၈ သေနတ်ဝယ်ကိုင်ထားတယ်။ ရုံးထဲမှာ သေနတ်ခါးထိုးထားပြီး နေတယ်။ စမတ်ကဒ် ပွဲစားနဲ့ ပြဿနာ ဖြစ်ပြီးရုံးထဲမှာ ပွဲစားကို သေနတ် နဲ့ ခေါင်းကို ထုရိုက်တာမှာ ပွဲစားခေါင်းကွဲသွားတယ်။ ရုံးထဲမှာ သူကဘယ်သူ့တိုင်တိုင် ဂရုမစိုက်ဘူးလို့ ပုဆိုးလှန်ပြီး စမတ်ကဒ်လာလုပ်တဲ့သူတွေကို ဆဲဆိုတာလည်း ရှိတယ်။ အခုက သူ့အထက်က ခရိုင် (လ ဝက) မှူးက တိုင်ချက်ဖွင့်လို့ သူ့ကိုဖမ်းပြီး ရဲစခန်းမှာစစ်နေတယ်တော့ သိရတယ်” ဟုပြောသည်။

လတ်တလောတွင် မြဝတီလူဝင်မှုကြီးကြပ်ရေးနှင့်ပြည်သူ့အင်အား ဦးစီးဌာနတွင် UID စမတ်ကဒ်လုပ် ပေးနေသည့်အစီအစဉ်ကို ရွှေမြစန္ဒီစည်ပင်ဌာနကွင်းအတွင်း နေရာပြောင်းလဲပြီးမှတ်တမ်းရေးသွင်းစက် ၉ လုံးဖြင့် တစ်နေ့ လူ ၃၀၀ နှုန်းလက်ခံ ဆောင်ရွက်ပေးနေကြောင်း သိရှိရသည်။

လက်ရှိ မြဝတီမြို့မှ ထိုင်းနိုင်ငံမဲဆောက်မြို့ဘက်သွားလာခွင့်ကို စမတ်ကဒ် UID နံပါတ် ၁၀လုံး ပါ ကိုယ်ရေးအချက်အလက်များ မှန်ကန်ကြောင်း စစ်ဆေးပြီးမှသာ ယာယီတံတား ဖြတ်သန်း ခွင့် ထုတ်ပေး သည့်စနစ်ကို ပြောင်းလဲလိုက်ခြင်းကြောင့် မြဝတီ (လဝက) ရုံးတွင် စမတ်ကဒ် အမြန်ရအောင် ပွဲစား ကတဆင့် လုပ်ဆောင်သူများပြားနေပြီး လာဘ်ပေးလာဘ်ယူမှုများရှိနေကြောင်း မြဝတီ မြို့ခံများက ပြောသည်။

“ကျမတို့က မြို့မှာ နေတဲ့သူဆိုတော့ ပုံမှန်ပဲလုပ်တယ်။ ဖောင်ကြေး ၃ထောင်ပေးရတယ်၊ တုံကင် ရက် ချိန်း စောင့်တယ်။ ၃ ပတ်လောက် ကြာတယ်။ အချက်အလက်တွေ စစ်တယ်။ စမတ်ကဒ်ရတယ်ပေါ့၊ တခြားနယ်က လာတဲ့သူတွေကတော့ မြဝတီရောက်မှ လဝကရုံးမှာ စမတ်ကဒ်လာဝင်လုပ်ကြတာ ဆို တော့ အမြန်ကြေးပေးပြီး လုပ်ကြတော့ ငွေ ၂ သိန်း ၃ သိန်း အထိ ပေးရတာတွေ ရှိတယ်။ အဲ့တာမျိုး လည်းလဝကတွေ၊ ပွဲစားတွေကနေတဆင့်ခံ လာဘ်ငွေယူပြီး လုပ်ပေးနေတာတော့ တွေ့နေရတယ်”ဟု မြဝတီအမှတ် ၅ ရပ်ကွက်နေ ဒေသခံအမျိုးသမီးတစ်ဦးက ပြောသည်။

လက်ရှိ မြဝတီ /မဲဆောက် ချစ်ကြည်ရေးတံတားအမှတ် ၁ ဖြတ်သန်းသွားလာခွင့်ကို UID စမတ်ကဒ် အချက်အလက် တိုက်ဆိုင်စစ်ဆးသည့် စနစ်ဖြင့်စစ်ဆေးပြီးမှသာ ပြစ်မှုကင်းရှင်းသူ၊ စစ်ကောင်စီက ဖမ်းဝရမ်းထုတ်ပြန်ခံထားရခြင်းမရှိသူ၊ CDM ပြုလုပ်ပြီး ရှောင်တိမ်းနေသည့်ဝန်ထမ်းဟုတ်မဟုတ် စစ်ဆေးပြီးမှသာ မဲဆောက်မြို့ဘက်သွားလာခွင့်ကဒ်ထုတ်ပေးသည်ဟု သိရသည်။

Photo: ( မြဝတီလဝက မြို့နယ်ဦးစီးမှူးကျော်စိုးထွန်း)Social Media


Comments

Leave a Reply

Your email address will not be published. Required fields are marked *