ရေစကြိုတွင် ကာကွယ်ရေးအဖွဲ့စခန်းဝင်စီးသည့် စစ်သားများ ချုံခိုတိုက်ခိုက်ခံရ

မကွေးတိုင်း၊ ရေစကြိုမြို့နယ်ရှိ ဒေသကာကွယ်ရေးအဖွဲ့တစ်ခု၏ စခန်းကို မေ ၁၇ ရက်နံနက်က စီးနင်းခံရပြီး တိုက်ပွဲဖြစ်ကာ စစ်ကောင်စီတပ်ဘက်မှ သေဆုံးမှုရှိ၍ သေနတ် ၉ လက်ရရှိခဲ့ကြောင်း စုံစမ်းသိရသည်။

ပခုက္ကူလေဆိပ်နှင့် ၂ မိုင်ကျော်အကွာရှိ ကာကွယ်ရေးစခန်းသို့ စစ်ကြောင်း ထိုးလာကြောင်း သတင်းရ သဖြင့် စခန်းမှဆုတ်ခွာခဲ့ပြီး ခုခံတိုက်ခိုက်မှုလုပ်နိုင်ခဲ့ခြင်းကြောင့် စစ်ကောင်စီဘက်မှ ထိုခိုက်သေဆုံးမှု များပြားခြင်းဟု ထိုတပ်ဖွဲ့ တာဝန်ရှိသူက ပြောသည်။

“ကျွန်တော်တို့ အသင့်စောင့်နေတဲ့နေရာမှာ သူတို့ရှေ့ပြေးကင်းတပ်စိတ်နဲ့ ထပ်တိုက်တွေ့တယ်၊ ၁၀ ယောက် အကုန်သေသွားတယ်၊ သေနတ် ၉ လက် ရတယ်”

သိမ်းဆည်းသည့် လက်နက်များမှာ စစ်သားများကိုင်လေ့ရှိသည့် MA စီးရီးမောင်းပြန်ရိုင်ဖယ်များနှင့် ရဲများကိုင်လေ့ရှိသည့်G3 မောင်းပြန်ရိုင်ဖယ်များဖြစ်သည်ဟု ဆိုသည်။

စစ်ကောင်စီတပ်သားများ စခန်းအတွင်း ဝင်ရောက်စဉ် လက်နက်ကြီးဖြင့် ပစ်ခတ်တိုက်ခိုက်ရာ ထိခိုက်မှုရှိသည်ဟုလည်း ထိုတပ်ဖွဲ့ တာဝန်ရှိသူက ဆက်ပြောသည်။

“ ဒုတိယအစီအစဉ်ဖြစ်တဲ့ ၆၀ (မမ)နှစ်လုံးထုတာ ကိုယ်စခန်းကို ပြန်ထုရတာပေါ့၊ နှစ်လုံးစခန်းထဲကို ဒဲ့ ကျတယ်။ အဲမှာလည်း တော်တော်ထိခိုက်နိုင်တယ်”ဟု ဆိုသည်။

ပခုက္ကူမြို့အခြေစိုက်စစ်တပ်မှ စစ်ကြောင်း ၃ ကြောင်း၊ အင်အား ၃၀၀ ခန့် သည် သဲတော၊ ဇီးတော၊ ကျောက်ထပ်ရွာသို့ မေလ ၁၇ ရက် နေ့လယ်တွင် ဝင်ရောက်စစ်ကြောင်းထိုးခဲ့သည်၊ ရွာများကိုလည်း မီးရှို့သည်ဟု သဲတောရွာမှ ဒေသခံတစ်ဦးက ပြောသည်။

စစ်သားများဝင်ရောက်စီးနင်းစဉ် ကျောက်ထပ်ကျေးရွာမှ ဒေသံတစ်ဦးသတ်ဖြတ်ခံရကာ ဒေသခံများဖမ်းဆီးခံထားရကြောင်းသိရသော်လည်း အခြေနေအသေးစိတ် မသိရသေးပေ။

ဒေသခံများကို ယမန်နေ့ညကတည်းက ကြိုတင်တိမ်းရှောင်ကြရန် ပြည်သူ့ကာကွယ်ရေးအဖွဲ့က သတင်း ပေးထားကြောင်းဘေးလွတ်ရာရောက်ရှိနေသည့် သဲတောရွာဒေသခံ စစ်ရှောင်အမျိုးသားတစ်ဦးက လည်း ပြောသည်။

“ကျွန်တော်တို့နားက ၅ ရွာစလုံးရှောင်ရတာ၊ ဆိုင်ကယ်တစ်စီးနဲ့ သားနှစ်ယောက်နဲ့ မိန်းမတင်လာပြီး ခက်ခက်ခဲခဲနဲ့ရှောင်လာရတာ ရွာဆီက မီးခိုးတွေမြင်နေရပြီပြောတယ်၊ ဘာတွေရှို့နေပြီ လဲမသိဘူး”ဟု ဆိုသည်။

ပြီးခဲ့သည့် ၂၀၂၂ ကလည်း ကျောက်ထပ်ရွာအနီးရှိ ကာကွယ်ရေးအဖွဲ့စခန်းတစ်ခုကို စစ်ကောင်စီက ဝင်ရောက် စီးနင်းဖူးပြီး သဲတောကျေးရွာကို မီးတင်ရှို့ခဲ့ဖူးသည်။ ထိုစဉ်က ကာကွယ်ရေးအဖွဲ့ဝင် အများစု မှာ လက်လုပ်သေနတ်များဖြင့်ခုခံခဲ့ကြကာ PDFနှစ်ဦးအပါအဝင်လေးဦးထိ သတ်ဖြတ်ခံခဲ့ရသည်။


Comments

Leave a Reply

Your email address will not be published. Required fields are marked *