ရေစကြိုမြို့ပေါ် အမှတ် ၇ ရပ်ကွက်တွင် အငြိမ်းစား ကျောင်းဆရာကြီးနှင့် ဆရာမကြီး လင်မယား အသတ်ခံရ

ရေစကြိုမြို့ပေါ် အမှတ် ၇ ရပ်ကွက်တွင် အငြိမ်းစား ကျောင်းဆရာကြီးနှင့် ဆရာမကြီး လင်မယား အသတ်ခံရ၊ မြို့ပေါ် အမှတ် ၇ ရပ်ကွက်မှာ ပျူစောထီးနှင့်စစ်သားများ လုံခြုံရေးယူ ကြီးစိုးထားနေရာဖြစ်

မကွေးတိုင်း၊ ရေစကြိုမြို့ပေါ် အမှတ် ၇ ရပ်ကွက်တွင် အငြိမ်းစား ကျောင်းဆရာကြီးနှင့် ဆရာမကြီး လင်မယား ၂ ဦး အသတ်ခံရပြီး အသတ်ခံရသည့် ရပ်ကွက်မှာ ပျူစောထီးများနှင့် စစ်သားများ အဓိက လုံခြုံရေး ယူကြီးစိုးထားသော နေရာဖြစ်ကြောင်း မြို့မှ ပြည်သူများ၊ ဒေသသတင်းရင်းမြစ်နှင့် တော်လှန်ရေး သတင်းရင်းမြစ်တချို့က ရန်ကုန်ခေတ်သစ်သတင်းဌာနထံသို့ ပြောဆိုကြသည်။

မေလ ၁၈ ရက်နေ့ ညပိုင်း ရေစကြိုမြို့ပေါ် အမှတ် ၇ ရပ်ကွက်၊ စာတိုက်ရုံးတောင်ဘက်တွင်နေထိုင်သော အငြိမ်းစား ကျောင်းဆရာကြီး ဦးအောင်ခင် အသက် ၇၀ နှစ် နှင့် ဇနီး အငြိမ်းစား ဆရာမကြီး ဒေါ်ကြည်တင့် အသက် ၆၆ နှစ် တို့ ဇနီးမောင်နှံနှစ်ဦးကို လူတစ်စုက နေအိမ်ဝင်ရောက်ပြီး ဓားဖြင့် ရက်ရက်စက်စက် ထိုးခုတ် သတ်ဖြတ်သွားကြောင်း၊ နေအိမ်ကိုလည်း ရှာဖွေမှုများ လုပ်ဆောင်သွားခဲ့ကြောင်း ၊ အဆိုပါ အသတ်ခံရသည့် နေအိမ်သည် အမှတ် ၇ ရပ်ကွက်ပျူစောထီးနှင့် စစ်သားများ လုံခြုံရေးယူ ကင်းလှည့် ကြီးစိုးသောနေရာဖြစ်ကြောင်း သိရှိရသည်။

“မြို့ပေါ် အမှတ် ၇ ရပ်ကွက်နဲ့ ရပ်ကွက်တွေမှာ အဓိက ကြီးစိုးနေတာက ပျူစောထီးတွေနဲ့ စစ်တပ်ပဲ။ ညဘက်ဆိုရင် ဒီကောင်တွေ မူးရူးရမ်းကားတွေ အိမ်တွေ ဖောက်တာ၊ ဧည့်စာရင်းဆိုပြီး ရိုက်နှက်တာ၊ ဆိုင်ကယ်ရပ်မပေးလို့ ဆိုပြီး ပစ်ခတ်သတ်ဖြတ်တာတွေ အမြဲလုပ်နေတာ။ အသတ်ခံရတဲ့ ဆရာကြီးတို့ လင်မယားအိမ်က သူတို့ ကင်းလှည့်နေတဲ့နေရာ ၊ အခြေပြုတဲ့နေရာနဲ့ အနီးဆုံးမှာရှိတာ။ ဘယ် PDF ကမှလည်း ဒီလောက်အေးအေး ဆေးဆေးနေတဲ့ ဆရာကြီးနဲ့ ဆရာမကြီး လင်မယားကို သတ်စရာမရှိပါဘူး။ပျူစောထီးနဲ့ စစ်သားတွေက ညဆိုရင် မူးရူး သေနတ်တွေဖောက်၊ ဆဲဆိုနေကြတာ” ဟု ဒေသပြည်သူတစ်ဦးက ဆိုသည်။

တော်လှန်ရေးသတင်းရင်းမြစ်တစ်ခုကလည်း အငြိမ်းစားကျောင်းဆရာကြီးနှင့် ဆရာမကြီးတို့ လင်မယားတို့ကို PDF များကို ထောက်ပို့လုပ်သည်ဟု ပျူစောထီးနှင့် စစ်တပ်ထံသို့ သတင်းပေးလာသဖြင့် ဝင်ရောက် သတ်ဖြတ် သွားခြင်းဖြစ်သည်ဟု ပြောဆိုသည်။

“ဆရာကြီးနဲ့ ဆရာမကြီး တပည့်တွေက PDF တွေ ဖြစ်နေတာ အများကြီးပဲ။ ကျနော်တို့ အခုနောက်ဆုံး သိရတာက သတ်တာက ပျူစောထီးနဲ့ စစ်တပ်ပဲ။ ဆရာကြီးနဲ့ ဆရာမကြီးက သူ့တပည့် PDF တွေကို ငွေလှူတယ်ဆိုပြီး တိုင်လို့ ဝင်သတ်တာလို့ပြောတယ်။ ပထမတစ်ကြိမ် စစ်တပ်က ဆရာကြီးနဲ့ ဆရာမကြီးတို့ အိမ်ကို ဝင်စီးခဲ့သေးတယ်။ ဒုတိယအကြိမ်မှာ အသတ်ခံရတာ” ဟု တော်လှန်ရေး သတင်းရင်းမြစ်က ရှင်းပြသည်။

စစ်ကောင်စီလော်ဘီတယ်လီဂရမ်စာမျက်နှာများ၊ စစ်တပ်ထောက်ခံသော People Media နှင့် NP News တို့ကို ရေစကြိုမှ အငြိမ်းစားကျောင်းဆရာကြီးနှင့် ကျောင်းဆရာမကြီးတို့ လင်မယားကို PDF များက သတ်ဖြတ်သည်ဟု အသတ်ခံရသည့်နေ့ကတည်းက ဝါဒဖြန့် သတင်းများကို ဆက်တိုက် ထုတ်လွှင့်ခဲ့ကြကြောင်း သိရှိရသည်။

ရေစကြိုမြို့ပေါ်တွင် အငြိမ်းစား ဆရာ၊ ဆရာမကြီး ဇနီးမောင်နှံ နှစ်ဦး ဓားဖြင့်လှီးဖြတ်ခုတ်ထစ်ကာ ရက်ရက်စက်စက် သတ်ဖြတ်ခံရ

ယမန်နေ့ မေလ (၁၈) ရက်နေ့ ညက ရေစကြို၊ အမှတ် ၇ ရပ်ကွက်၊ စာတိုက်ရုံးတောင်ဘက်တွင်နေထိုင်သော အငြိမ်းစား ကျောင်းဆရာကြီး ဦးအောင်ခင် (၇၀ နှစ်) နှင့် ဇနီး အငြိမ်းစား ဆရာမကြီး ဒေါ်ကြည်တင့် (၆၆ နှစ်) တို့ ဇနီးမောင်နှံနှစ်ဦးကို လူတစ်စုက နေအိမ်ဝင်ရောက်ပြီး ဓါးဖြင့် ရက်ရက်စက်စက် ထိုးခုတ် သတ်ဖြတ်သွားကြောင်း၊ နေအိမ်ကိုလည်း မွှေနှောက်သွားကြောင်း သိရှိရပါသည်။

“ဆရာကြီးတို့ လင်မယားနှစ်ဦး အသတ်ခံရတာပါ၊ သူတို့က အေးအေးနေတဲ့သူတွေ ဘယ်အဖွဲ့တွေ ဘာတွေနဲ့မှ လည်းပါတ်သက်တာတွေ မရှိပါဘူး၊ သူတို့ နှစ်ဦးတည်း နေကြတာ၊ သားသမီးတွေအက အခြားမှာ၊ ကလေးတွေကို စာသင်ပေးတယ်၊ တစ်မြို့လုံးက လေးစားချစ်ခင်ကြတဲ့ ဆရာကြီး၊ ဆရာမကြီးတွေပါ၊ စာသင်တဲ့ကလေးတွေ မနက် သူတို့အိမ်ရောက်လို့ တံခါးတွေ ပိတ်ထားလို့ ခေါ်မရလို့ ဝင်ကြည့်မှ သတ်ဖြတ်ခံထားရတာကိုတွေတာ၊ လည်ပင်းတွေ ရင်ဘတ်တွေ ဓားနဲ့လှီးဖြတ်ထားတာ၊ နောက်ကျောကို လည်းဓါးနဲ့ ခြောက်ချက်လောက်ထိုးသတ်ထားကြတယ်၊ ရက်ရက်စက်စက် သတ်ထားခဲ့ကြတာ၊ ဘယ်သူတွေလက်ချက်ဆိုတာ အတိအကျ ပြောဘို့ခက်ပေမဲ့ ခွေးတွေ သတ်တာလို့ပဲ ပြောရမယ် ထင်ပါတယ်၊ ဘာဖြစ်လို့လဲဆိုတော မနေ့ညက အဲဒီအမှတ် ၇ ရပ်ကွက်မှာ သူတို့ မူးရူးပြီး သေနတ်တွေ ဖောက်နေကြတာ၊ နောက်ပြီး ရုံးပေါင်းစုံထဲပြန်ရောက်တော့ သီချင်းတွေဖွင့်ပြီး မူးရူးနေကြတာ၊ ပြောရမယ်ဆိုရင် အဲဒီခွေးတွေ အများစုက ဆေးသမားတွေများတယ်၊ နောက်ပြီးအတော်လေးကို ယုတ်ယုတ်မာမာနဲ့ လူမဆန်တဲ့ အောက်တန်းကျတဲ့အလုပ်တွေ အမြဲလုပ်လေ့ရှိတယ်၊ နောက်ပြီး အရင်လွန်ခဲ့တဲ့ တစ်ရက်က ခွေးတွေ အဲဒီအိမ်ကို ဝင်ပြီး မွှေနှောက်ရှာဖွေ စစ်ဆေးမေးမြန်းတာတွေ လုပ်ခဲ့ဘူးတယ်” ဟု မြို့ခံပြည်သူတစ်ဦးက ပြောပါသည်။

ရေစကြိုမြို့ပေါ်တွင် တရားဥပဒေစိုးမိုးမှု ကင်းမဲ့နေပြီး ထင်ရာစိုင်းကာ ပြည်သူအပေါ် အနိုင်ကျင့် ယုတ်မာနေကြသော စခ၊ ပခများကြောင့် မြို့ခံပြည်သူများ နေ့စဉ်နှင့် အမျှ စိုးရိမ်သောက ရောက်နေကြကြောင်း သိရှိရပါသည်။


Comments

Leave a Reply

Your email address will not be published. Required fields are marked *