ကရင်ပြည်နယ် ၊ ဖာပွန်ဒေသမှာရှိတဲ့ စစ်ကောင်စီတပ်ရဲ့ ကျောက်ညှပ်(ဝလူ) စခန်းဟာ နေ့စဉ်နီးပါးပစ်ခတ်တိုက်ခိုက်ခံရမှုတွေကြောင့် မေလ လဆန်းပိုင်းမှာ စခန်းကိုစွန့်ခွာ သွားကြတယ်လို့ ကရင်အမျိုးသားအစည်းအရုံး(KNU) တပ်မဟာ−၅ ထံကသိရပါတယ်။
ဖာပွန်ဟာ KNU တပ်မဟာ − ၅ စစ်ရေးလှုပ်ရှားရာနယ်မြေဖြစ်ပြီး အဲဒီစခန်းကို နေ့စဉ်နီးပါးသွားရောက်တိုက်ခိုက်တာလို့ တပ်မဟာ − ၅ ပြောရေးဆိုခွင့်ရှိသူ ဗိုလ်မှူးကြီး စောကလယ်ဒိုက ပြောပါတယ်။
” နောက်ဆုံးကျတော့ သူတို့(စစ်ကောင်စီ) မခံနိုင်လို့ သူတို့ ဒီစခန်းကနေ စွန့်ခွာထွက်ပြေးသွားခဲ့ကြတယ်” လို့ ဗိုလ်မှူးကြီးစောကလယ်ဒိုက ဆိုပါတယ်။
ကျောက်ညှက် (ဝလူ ) စခန်းကို စွန့်ခွာသွားတဲ့ စစ်ကောင်စီတပ်ဖွဲ့ဝင်တွေဟာ တာဘလူကျိုး တပ်စခန်းမှာ သွားရောက်အင်အားပူးပေါင်းကြတယ်လို့ ဗိုလ်မှူးကြီးစောကလယ်ဒိုထံကသိရပါတယ်။
ပြီးခဲ့တဲ့ ၂၀၂၂ ခုနှစ် ၊ ဧပြီလကုန်ပိုင်းက ဖာပွန်ဒေသ ၊ ထိုင်းနယ်စပ်အနီး သံလွင်မြစ်ဘေးမှာရှိတဲ့ ကျောက်ညှပ်စခန်းကို KNU တပ်မဟာ (၅) က တိုက်ယူခဲ့ပါတယ်။
အခုလဆန်းပိုင်းမှာ စစ်ကောင်စီတပ်ဖွဲ့ဝင်တွေ စွန့်ခွာရတဲ့စခန်းကတော့ သံလွင်မြစ်ဘေးကနေ အတွင်းပိုင်းကျတဲ့ ဒေသအခေါ် ကျောက်ညှပ်(ဝလူ)စခန်းဖြစ်တယ်လို့သိရပါတယ်။
ဖာပွန်ဒေသအတွင်းမှာ ကာလရှည်ကြာ နေရာယူတပ်စွဲထားတဲ့ စစ်တပ်စခန်းတွေဟာဝန်းရံပိတ်ဆို့တိုက်ခိုက်ခံရတာ ၊ လနဲ့ချီပြီး ရိက္ခာလမ်းကြောင်းဖြတ်တောက်ခံရတာတွေကြောင့် တပ်စခန်း ၈ ခုထက်မနည်း ရုတ်သိမ်းသွားရတယ်လို့ KNU တပ်မဟာ −၅ ရဲ့အချက်အလက်ရသိရပါတယ်။
ဖာပွန်မြို့ပေါ်မှာ လည်း စစ်ကောင်စီတပ်တွေ ဆုတ်ခွာထားရပြီး မြို့ကို KNU က ထိန်းချုပ်ထားပါတယ်။
မြို့ပြင်မှာ တော့ စစ်ကောင်စီ ရဲ့ အခြေချစစ်ဗျုဟာ နဲ့ ခြေလျင် တပ်ရင်း ၁ ရင်း ၊ခြေမြန်တပ်ရင်း ၃ ရင်း တည်ရှိပါတယ်။
အဲဒီအထဲက အမှတ် (၁၉) ခြေလျင်တပ်ရင်းနဲ့ အမှတ် (၄၃၄) ခြေမြန်တပ်ရင်းတွေကို ပြီးခဲ့တဲ့ ဧပြီလအတွင်းမှာ KNU ဦးစီးတဲ့ ပူးပေါင်းတပ်တွေက သိမ်းယူနိုင်ခဲ့ပြီး ကျန်ရှိတဲ့တပ်ရင်းတွေကို ဝန်းရံပိတ်ဆို့ထားပါတယ်။
ဝန်းရံပိတ်ဆို့ထားတဲ့ ခမရ −၃၄၀ ၊ ခမရ −၃၄၁ တပ်ရင်းတွေကို တိုက်ခိုက်ရာမှာ နေရာတချို့တဝက်ကို သိမ်းယူထားနိုင်ပြီလို့ တပ်မဟာ −၅ ပြောရေးဆိုခွင့်ရှိသူ. ဗိုလ်မှူးကြီး စောကလယ်ဒိုက အသိပေးပါတယ်။
ဓာတ်ပုံ- စစ်ကောင်စီတပ်ရဲ့ လက်နက်ဂိုတိုက်ကို KNU ကသိမ်းဆည်းရမိပုံ