ပြည်သူ့စစ်တပ်ဖြစ်တဲ့အတွက် အုပ်ချုပ်ရေးပိုင်းမှာ ဝင်မပါဘူးဆိုတဲ့ ရေးဘီလူးတပ်ဖွဲ့

အာဏာရှင်အမြစ်ပြတ် တော်လှန်ရေးမှာ ထဲထဲဝင်ဝင် ပါဝင်နေတဲ့ ရေးဘီလူးတပ်ဖွဲ့ဟာ မွန်ပြည်နယ်၊ ရေးမြို့နယ် အနီးနားက ကျေးရွာတွေမှာ ပြီးခဲ့တဲ့ မေလ ၂ဝရက်နဲ့ ၂၁ရက်နေ့တွေမှာ နယ်မြေရှင်းလုပ်ဆောင်ခဲ့တယ်လို့ သိရပါတယ်။

အခုဆိုရင် ရေးဘီလူးတပ်ဖွဲ့အနေနဲ့ ကာကင်းတွေနဲ့ ရပ်ရွာလုံခြုံရေးကို လုပ်ဆောင်နိုင်တဲ့အထိ နယ်မြေစိုးမိုးမှုတွေ ရရှိနေပြီလို့ သိရပါတယ်။

“နယ်မြေပိုင်းမှာ အရင်ကဆို စကစနဲ့က ၅ဝ-၅ဝ ဖြစ်နေတာပေါ့နော်။ လုနေရတဲ့ နယ်မြေတွေပေါ့နော်။ အခုဆိုရင်တော့ ၁ဝဝ လုံး စိတ်ချရတဲ့ နေရာမျိုးအဖြစ် ကျနော်တို့တွေက ကာကင်းတွေထားပြီး နယ်မြေဖွံ့ဖြိုးတိုးတက်ဖို့အတွက်ကို ဆောင်ရွက်ပေးနေပါတယ်” လို့ ရေးဘီလူးတပ်ဖွဲ့ခေါင်းဆောင်က မောင်းကို ပြောပါတယ်။

နယ်မြေရှင်းလင်းရေး ဝင်ရောက်လုပ်ဆောင်မှုကို ဒေသခံတွေက နွေးနွေးထွေးထွေး လက်ခံကြိုဆိုပေးတယ်လို့ သိရပြီး ကျေးရွာတွေအတွင်း မူးယစ်ဆေး ရောင်းဝယ်တာတွေ၊ စစ်ကောင်စီ သတင်းပေး လုပ်ဆောင်မှုတွေကို ရေးဘီလူးအဖွဲ့က အဓိကထား စစ်ဆေးခဲ့တယ်လို့ သိရပါတယ်။ လက်ရှိ အဲဒီကျေးရွာတွေမှာ ကာကင်းတွေထားပြီး လုံခြုံရေးယူပေးထားတာကြောင့် ကျေးရွာတွေ ငြိမ်းငြိမ်းချမ်းချမ်းရှိနေပြီး စစ်ကောင်စီယန္တရား လည်ပတ်နေတာလည်း မရှိတော့ဘူးလို့ သိရပါတယ်။

“ကျေးရွာကလူကြီးတွေ၊ ဆရာတော်တွေနဲ့လည်း စကားသေချာပြောခဲ့ပါတယ်။ ပြီးတော့ ကျနော်တို့တွေက ပြည်သူ့စစ်တပ် ဖြစ်သွားပြီ။ အဲ့ဒါကြောင့် ကျနော်တို့အလုပ်ကိုပဲ ဆောင်ရွက်မယ်။ ကျနော်တို့တွေက လုံခြုံရေး၊ စစ်ဥပဒေအပိုင်းကလွဲရင် အရပ်သားဥပဒေတွေကို မကိုင်တွယ်ဘူးဗျ။ ဒီရွာတွေကို ကျနော်တို့တွေက ပြန်စိုးမိုးနိုင်တယ်ဆိုပြီးတော့ ကျနော်တို့ အုပ်ချုပ်မှာ မဟုတ်ပါဘူး။ ဒီမိုကရေစီလမ်းစဉ်ကိုပဲ ကျနော်တို့ လိုချင်ပါတယ်” လို့ ရေးဘီလူး တပ်ဖွဲ့ခေါင်းဆောင်က ပြောခဲ့ပါတယ်။

ပုံစာ – နယ်မြေရှင်းလင်းရေး လုပ်ဆောင်နေတဲ့ ရေးဘီလူးတပ်ဖွဲ့


Comments

Leave a Reply

Your email address will not be published. Required fields are marked *