ဝိုင်းမော်မြို့ရဲစခန်းအား ကချင်လွတ်လပ်ရေးတပ်မတော်(KIA) နှင့် PDF ပူးပေါင်းတပ်ဖွဲ့ကယနေ့(မေလ၂၁ရက်)နေ့ခင်းပိုင်းတွင် ဒရုန်းဖြင့်ဗုံးကြဲတိုက်ခိုက်ရာ စခန်းမှူးသေဆုံးသွားခဲ့ကြောင်း သတင်းရရှိသည်။
“စခန်းမှူး လည်ပင်ကို ထိသွားပြီး သေသွားတယ်။ သူက အသစ်ရောက်လာတဲ့စခန်းမှူး”ဟု ကချင်ပြည်နယ်ရဲတပ်ဖွဲ့နှင့် နီးစပ်သူတဦးက အတည်ပြုပြောကြားသည်။
ဝိုင်းမော်မြို့၊ရပ်ကွက်(၃)ရှိ ရဲစခန်းကို KIAနှင့် PDF ပူးပေါင်းတပ်ဖွဲ့က မေ ၂၁ ရက် မွန်းလွဲ ၁နာရီခန့်တွင် ဒရုန်းဖြင့်ဗုံးကြဲတိုက်ခိုက်ခြင်းဖြစ်သည်။ သေဆုံးသွားသည့်စခန်းမှူး၏အမည်ကို စုံစမ်းနေဆဲဖြစ်သည်။
“လူနာတင်ကားကလာခေါပြီး ဝိုင်းပေါ်ဆေးရုံထဲကိုမောင်းဝင်သွားတာတွေ့တယ်” ဟု ဒေသခံတဦးကလည်းပြောသည်။
ပြီးခဲ့သည့်မေလ၉ရက်နေ့ကလည်း မြစ်ကြီးနားနှင့်ဝိုင်းမော်ကိုဆက်သွယ်ထားသည့်ဗလမင်းထင်တံတားစစ်ကောင်စီစစ်ဆေးရေးဂိတ်ကို KIAနှင့် PDF ပူးပေါင်းတပ်ဖွဲ့က တိုက်ခိုက်မှု၌ ကချင်ပြည်နယ်ရဲတပ်ဖွဲ့မှ ရဲမှူးတင်ကိုကိုသေဆုံးပြီး ရဲနှစ်ဦး ဒဏ်ရာရရှိသွားသည်။
KIA က မေ ၁၈ ရက်မှစ၍ ဝိုင်းမော်မြို့အနီးတဝိုင်ရှိစစ်ကောင်စီတပ်စခန်းများကို ထိုးစစ်ဆင်တိုက်ခိုက်ပြီး စခန်းအများစုကိုသိမ်းပိုက်ထားသည်။ ရွှေညောင်ပင် ခလရ ၃၂၁
အပါအဝင် လက်ကျန်စခန်းများကို သိမ်းပိုက်နိုင်ရန် KIA ကထိုးစစ်ဆင်တိုက်ခိုက်နေသည်။
(ဝိုင်းမော်မြို့မ ရဲစခန်း။ ဓါတ်ပုံ-CJ)
Leave a Reply