စလင်းမြို့နယ်၊ ငလှိုင်တွင်းရွာရှိ စခန်းကုန်းမှ စစ်သားများ စခန်းစွန့်ခွာ ထွက်ပြေးသွားသောကြောင့် PDF တပ်ဖွဲ့များ နယ်မြေရှင်းလင်းရေး ပြုလုပ်

စခန်းစွန့်ခွာ ထွက်ပြေးသွားသော စစ်သား တချို့ ရခိုင်ပြည်နယ် ပို့ဆောင်ခံရ

မကွေးတိုင်း၊ စလင်းမြို့နယ်၊ ငလှိုင်တွင်းရွာရှိ စခန်းကုန်းမှ အကြမ်းဖက် စစ်သားများ စခန်းစွန့်ခွာ ထွက်ပြေးသွားသောကြောင့် PDF တပ်ဖွဲ့များ နယ်မြေရှင်းလင်းရေး ပြုလုပ်ခဲ့ကြောင်း အမှတ် ၁ စစ်ဒေသ မကွေးတိုင်း ကွပ်ကဲရေးရုံးမှ တာဝန်ရှိသူ တစ်ဦးကပြောဆိုသည်။

မေလ ၈ ရက်နေ့တွင် စလင်းမြို့နယ်၊ ငလှိုင်တွင်းကျေးရွာအနီး တပ်စွဲထားသော အကြမ်းဖက် စစ်တပ် စခန်းကုန်းမှ အင်အား ၄၀ ခန့်ရှိ အကြမ်းဖက် စစ်ကောင်စီတပ်သားများ စခန်း စွန့်ခွာ ထွက်ပြေးသွားခြင်း ဖြစ်ကြောင်း သိရသည်။

အကြမ်းဖက် စစ်ကောင်စီ တပ်သားများ စခန်းစွန့်ခွာ ထွက်ပြေးသွားပြီးနောက် မေလ ၉ ရက်နေ့တွင် မင်းဘူးခရိုင် အမှတ် ၁ ၊ ၅ တပ်ရင်းများမှ တော်လှန်ရေး ရဲဘော်များက နယ်မြေ ရှင်းလင်းရေး လုပ်ငန်းစဥ်များ ပြုလုပ် ဆောင်ရွက်ခဲ့ကြောင်း သိရှိရသည်။

“စစ်သားတွေက အကုန်ဖျက်ဆီး သယ်ယူသွားကြပါတယ်။ ဒီဘက်ကလည်းအကုန်မြေလှန်ရှင်းလင်း မီးရှို့ခဲ့ပါတယ်” ဟု အမှတ် ၁ စစ်ဒေသ မကွေးတိုင်း ကွပ်ကဲရေးရုံးမှ တာဝန်ရှိသူ တစ်ဦးက ပြောဆိုသည်။

အဆိုပါ စခန်းစွန့်ခွာ ထွက်ပြေးသွားသော စစ်သားများထဲမှ တချို့ကို ရခိုင်ပြည်နယ် ပို့ဆောင်ပြီး ကျန်ရှိသော စစ်သားများကို ကန်ပြားရဲစခန်းတွင် ထားရှိကြောင်း အမှတ် ၁ စစ်ဒေသ မကွေးတိုင်း ကွပ်ကဲရေးရုံးမှ တာဝန်ရှိသူ တစ်ဦးက ဆက်လက် ပြောဆိုသည်။


Comments

Leave a Reply

Your email address will not be published. Required fields are marked *