မန္တလေးရှိ မြဝတီဘဏ် ဗုံးပစ်ခံရကာ ပစ်ခတ်မှုဖြစ်ပွားခဲ့

မန္တလေးတိုင်း၊ ချမ်းမြသာစည်မြို့နယ်က မြဝတီဘဏ် ဗုံးပစ်ခံရမှုဖြစ်ပွားခဲ့တယ်လို့ ရဲတပ်ဖွဲ့သတင်းများအရ သိရပါတယ်။

ယနေ့ မေလ ၂၁ရက် မနက် ၁၁နာရီ ၁၀မိနစ်အချိန်က ချမ်းမြသာစည်မြို့နယ်၊ ချမ်းမြသာစည်တောင်ရပ်ကွက်ရှိ မြနန္ဒလမ်းနဲ့ စစ်ကိုင်း-မန္တလေးကားလမ်းကြားရှိ မြဝတီဘဏ် ဗုံးပစ်ခံရတာဖြစ်ပါတယ်။

“ဆိုင်ကယ်တစ်စီးနဲ့ လူငယ်နှစ်ယောက်က ဘဏ်ကိုလာပြီး ဗုံးတစ်လုံးနဲ့ ပစ်ပေါက်သွားတာ၊ အဲ့ဒီဗုံးက ဘဏ်ရှေ့ကျပြီးပေါက်ကွဲသွားခဲ့တယ်”လို့ ရပ်ကွက်နေသူတစ်ဦးက ဆိုပါတယ်။

အဆိုပါမြဝတီဘဏ်ကို ဆိုင်ကယ်စီးနင်းလာသူ လူငယ်နှစ်ဦးအနက် အနောက်မှထိုင်လာသူက လက်ပစ်ဗုံးဖြင့် ပစ်ပေါက်ခဲ့ကာ ဘဏ်ရှေ့သို့ ကျရောက်ပေါက်ကွဲခဲ့တယ်လို့ ဖော်ပြထားပါတယ်။

ဗုံးပေါက်ကွဲမှုကြောင့် မြဝတီဘဏ်ရှိ Sunshake နဲ့ ဘဏ်အတွင်းရှိ လေကာမှန်တို့ ထိမှန်ပျက်စီးခဲ့ကာ လူထိခိုက်မှုမရှိခဲ့ဘူးလို့ သိရပါတယ်။

လက်ပစ်ဗုံးနဲ့ပစ်ပေါက်ခဲ့သူများကို ဘဏ်လုံခြုံရေးတာဝန်ကျအဖွဲ့က MA-1 ဖြင့် ၂ချက် ပစ်ခတ်ခဲ့တယ်လို့ ရဲသတင်းတွေမှာ ထုတ်ပြန်ထားတာဖြစ်ပါတယ်။

မန္တလေးမြို့၊မြဝတီဘဏ် ဗုံးပစ်တိုက်ခိုက်ခံရ

မန္တလေးမြို့၊ချမ်းမြသာစည်မြို့နယ်၊ ချမ်းမြသာစည်တောင်ရပ်ကွက်ရှိ မြဝတီဘဏ်သည် ယနေ့(မေ ၂၁ရက်)နံနက် ၁၁နာရီခန့်က ဗုံးပစ်တိုက်ခိုက်ခံရပြီး စစ်ကောင်စီတပ်ဖွဲ့ဝင် နှစ်ဦး ဒဏ်ရာရရှိခဲ့ကြောင်း မြို့ခံအချို့ကပြောသည်။

စစ်ကောင်စီတပ်ဖွဲ့ဝင် ငါးဦးခန့် အလှည့်ကျ လုံခြုံရေးယူထားသည့် ဘဏ်လုံခြုံရေးဂိတ်တဲနှင့်ဘဏ်ရှေ့ကို ဗုံးပစ်တိုက်ခိုက်သွားခြင်းဟု ဒေသခံတဦးကပြောသည်။

“ဗုံးနဲ့ပစ်သွားတယ်။အစောင့်စစ်သား နှစ်ဦးဒဏ်ရာရတယ်။ဒဏ်ရာက များပုံတော့မရဘူး။ဘဏ်မျက်နှာစာမှန်တွေကွဲတယ်။လူနာတင်ကားဘာညာတော့မလာဘူး။စစ်ကား နှစ်စီးရောက်လာတယ်” ဟု အဆိုပါဖြစ်စဉ်ကိုမြင်တွေ့ခဲ့သည်ဆိုသည့် ဒေသခံတဦးက ပြောသည်။

မန္တလေးကျုံးဘေးတွင် မနက်ဖြန်( မေ ၂၂ရက်)၌ စစ်ကောင်စီမှ သံဃာ ၁၀,၂၇၂ ပါးအား ဆွမ်းလောင်းပွဲရှိပြီး လုံခြုံရေးတင်းကြပ်ထားသည့်ကြားမှ မြဝတီဘဏ်စောင့်လုံခြုံရေးအဖွဲ့ တိုက်ခိုက်ခံရခြင်းဖြစ်သည်။

မြဝတီဘဏ်သည် စစ်ကောင်စီပိုင် လုပ်ငန်းများအနက်တခုဖြစ်သည်။

“သူတို့ဆွမ်းလောင်းပွဲရှိတော့ တမြို့လုံးလမ်းတွေပိတ်၊အစစ်အဆေးရော လုံခြုံရေးရော နေရာအနှံ့အပြည့်မြင်နေရတာပဲ။ဒီကြားထဲက ဖြစ်သွားတာပဲ။ ဖြစ်တဲ့နေရာက လူစည်တဲ့နေရာ”ဟုမြို့ခံတဦးကပြောသည်။

အဆိုပါတိုက်ခိုက်မှုအား မည်သည့်အဖွဲ့က လုပ်ဆောင်ခဲ့သည်ကို မသိရှိသေးသော်လည်း စစ်ကောင်စီဝါဒဖြန့်တယ်လီဂရန်တွင် PDF နှစ်ဦးမှ ဆိုင်ကယ်ဖြင့်လာရောက်ပြီး ဗုံးပစ်သွားသည်ဟုဖော်ပြထားသည်။


Comments

Leave a Reply

Your email address will not be published. Required fields are marked *