ရေစကြိုနယ်သို့ ဝင်သည့်စစ်ကြောင်း ရွာခံ ၆ ဦးကို သတ်၍ ၅ ဦး ဖမ်းထား

မကွေးတိုင်း ရေစကြိုမြို့နယ်ရှိ ကျောက်ထပ်၊ ဇီးတော၊ သဲတောရွာများသို့ မေ ၁၇ရက် စစ်တပ်စစ်ကြောင်းဝင်လာပြီး လူ ၁၀၀ကျော်ကို ဖမ်းဆီးခဲ့ကြောင်း၊ ယခုအခါ ၉၀နီးပါး ပြန်လွှတ်ပေးခဲ့သော်လည်း ၆ ဦးမှာ သတ်ဖြတ်ခံရပြီး ၅ ဦးကို ဆက်လက်ဖမ်းထားကြောင်း ဒေသခံများထံမှ သိရသည်။

အဆိုပါ စစ်ကြောင်းသည် အင်အား၃၀၀ ကျော်ပါပြီး ရေစကြိုမြို့နယ်အတွင်းရှိ ပြည်သူ့ကာကွယ်ရေးတပ်စခန်းတခုကို စစ်ကြောင်း ၃ ကြောင်းခွဲ ဝင်ရောက်စီးနင်းခဲ့ပြီးနောက် ကျေးရွာ သုံးရွာမှ ဒေသခံတို့ကို ဖမ်းဆီးခဲ့ခြင်းဖြစ်သည်။

ဒေသခံတဦးက “၆ ဦးကတော့ အသတ်ခံလိုက်ရတယ်။ ၅ ယောက်ကိုတော့ သူတို့စစ်ကြောင်းနဲ့ အတူ ခေါ်သွားနေတယ်လို့ သိရတယ်။သေသူတွေရဲ့ အချက်အလက်ကိုတော့ စစ်ကြောင်းက အပြီးမထွက်သေးတာမို့ အတည်ပြုဖို့ ကြိုးစားနေတုန်းပါ” ဟု ပြောသည်။

ပြန်လွတ်လာသူများမှာ အမျိုးသမီးများနှင့် ကလေးငယ်အများဆုံးဖြစ်ပြီး အမျိုးသားများကို ဆက်လက် ဖမ်းထားရာ အချို့မှာ အသတ်ခံရသလို အချို့လည်း စစ်ကြောင်းနှင့် ပါသွားကြောင်း၊ ဆက်သွယ်ရေးလိုင်းများ အဖြတ်ခံထား ရသဖြင့် အသေးစိတ် အချက်အလက်များကို ကောက်ယူ၍ မရသေးကြောင်း သိရသည်။

စစ်ကောင်စီတပ်များ ကျောက်ထပ်ရွာအတွင်းသို့ ဝင်ရောက်စဉ် ပစ်ခတ်မှုကြောင့် ကျောက်ထပ်ရွာခံ ဒေါ်ဝင်းဝင်းမာ ဦးခေါင်းထိမှန် သေဆုံးခဲ့ကြောင်း သိရသည်။

ဒေသခံတဦး “သူက ကျောင်းမှာ စာကူသင်ပေးနေတဲ့ဆရာမပါ။ မနက် ၇နာရီကျော်ကြီး ဝင်လာတော့ ကြောက်ကြောက်နဲ့ ပြေးကြတာ။ ရုတ်တရက်ကြီးလဲကျသွားတော့ ခလုတ်တိုက်ပြီးလဲတယ်ပဲ ထင်လိုက်တာ။ ကြည့်လိုက်တော့မှ ခေါင်းမှာ ထိသွားတာ။ ကျမတို့လည်း ခေါ်ပြေးချင်ပေမယ့် အားလုံးက အသက်လုပြေးနေတာဆိုတော့ သူ့ကိုသယ်သွားဖို့က မနိုင်ကြဘူးလေ။ ခုထိ အဲဒီမြင်ကွင်းကြီးက ကျမမျက်စိထဲက မထွက်သေးဘူး” ဟု ပြောသည်။

စစ်ကြောင်းမှာ ပခုက္ကူအခြေစိုက် အမှတ် (၁၀၁) ခြေမြန်တပ်မဌာနချုပ် လက်အောက်ရှိ ရေစကြို အခြေစိုက် အမှတ် ၂၅၇ ခြေလျင်တပ်ရင်း၊ ပခုက္ကူအခြေစိုက် အမှတ် ၂၅၉ ခြေလျင်တပ်ရင်းနှင့် ပျူစောထီး ပူးပေါင်းအင်အား ၃၀၀ ခန့်ရှိကြောင်း ဒေသကာကွယ်ရေးတပ်ဖွဲ့ဝင်များက ပြောသည်။

ရေစကြို ဒေသကာကွယ်ရေးတပ်ဖွဲ့ဝင်များ/CJ

စစ်ကြောင်းနှင့် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့များ ကျောက်ထပ်ကျေးရွာအနီး တိုက်ပွဲဖြစ်ပွားပြီးနောက် စစ်ကောင်စီတပ်ဖွဲ့ဝင် ၉ ဦးသေဆုံးကာ သေနတ် ၉ လက်ကို ကာကွယ်ရေးတပ်ဖွဲ့များက သိမ်းဆည်းရမိခဲ့သလို ပြည်သူ့ကာကွယ်ရေးတပ် စခန်း ကို ဝင်ရောက်စီးနင်းသော စစ်ကောင်စီတပ်ဖွဲ့ဝင်များကိုလည်း ၆၀မမ ၂ လုံး ဖြင့် ပစ်ခတ်တိုက်ခဲ့ရာ ၂၀ကျော် သေဆုံးခဲ့ ကြောင်း ကာကွယ်ရေးတပ်ဖွဲ့များက ပြောသည်။

စစ်ကောင်စီတပ်များ စခန်းကို လာရောက် တိုက်ခိုက်မည့်သတင်းအား ကြိုတင်ရလိုက်သောကြောင့် ပြင်ဆင်မှုများ ပြုလုပ်နိုင်ခဲ့ပြီး လက်နက်ခဲယမ်းများကိုလည်း ရွှေ့ပြောင်းနိုင်လိုက်သောကြောင့် ပျက်စီး ဆုံးရှုံးမှုနည်းခဲ့ကြောင်း အဆိုပါစခန်းမှ တာဝန်ရှိသူတဦးက ပြောသည်။

ဒေသခံ ကာကွယ်ရေးတပ်ဖွဲ့ဝင်တဦးက” စခန်းကနေ ကျနော်တို့ နောက်ဆုတ်ပေးလိုက်ရပါတယ်။ ကျနော်တို့ စခန်းမှာက မိုင်းကွင်းလုပ်ထားတာ။ ဒါပေမယ့် မိုင်းကြိုးကို သူတို့က တွေ့သွားတော့ ရှင်းလိုက်နိုင်တယ်။အဲဒီမှာ ကျနော်တို့က အကွာအဝေးတခုကနေ ၆၀မမ ၂ လုံးနဲ့ ပစ်တာ။ မိုင်းကွင်းထဲကျသွားတော့ သူတို့ တော်တော်အထိနာသွားတယ်”ဟု ပြောသည်။

ထိုသို့ ထိတွေ့တိုက်ပွဲများ ဖြစ်ပွားပြီးနောက် မေလ ၁၈ရက်နှင့် ၁၉ရက်တွင် စစ်ကောင်စီက အင်အား ၂၀၀ နီးပါး ထပ်မံ အင်အားဖြည့်တင်းလာပြီး စစ်ကြောင်းများ ဆက်တိုက်ထိုးနေသလို ကျောက်ထပ်ကျေးရွာနှင့် ဇီးတောကျေးရွာကို မီးရှို့နေကြောင်း သိရသည်။

ဒေသခံကာကွယ်ရေးတပ်ဖွဲ့ဝင်တဦးက” ၃ ရွာမှာ ၂ ရွာကတော့ ပြာကျနေပြီ။ စစ်ကြောင်းက မထွက်သေးဘူးခုထိ။ ကျောက်ထပ်တို့ ဇီးတောတို့က အားလုံးပေါင်းရင် အိမ်ခြေက ၅၀၀ လောက်တော့ရှိတယ်”ဟု ပြောသည်။

ယခင်က စစ်ကြောင်းများ ထိုးလေ့ရှိသော်လည်း အင်အား ၂၀၀ လောက်ဖြင့်သာ လာရောက်လေ့ရှိကြောင်းနှင့် ယခုတခေါက် စစ်ကြောင်းထိုးမှုသည် လက်နက်ကိုင်တော်လှန်ရေး ၃ နှစ်ကျော်ကာလအတွင်း အင်အားအများဆုံး စစ်ကြောင်းထိုးမှု ဖြစ်ကြောင်း ကာကွယ်ရေးတပ်ဖွဲ့ဝင်များက ပြောသည်။

အင်အားဖြည့်တင်းထားသော စစ်ကောင်စီစစ်ကြောင်းက ဆက်လက်စစ်ကြောင်းထိုးနေသလို ကာကွယ်ရေးတပ်ဖွဲ့များက လည်း ပြန်လည်တိုက်ခိုက်ရန် ပြင်ဆင်နေသောကြောင့် အဆိုပါကျေးရွာများတဝိုက်တွင် စစ်ရေးဆက်လက်တင်းမာနေပြီး ကျောက်ထပ်၊သဲတော၊ဇီးတောရွာများအပြင် ထန်းငယ်တော ကျေးရွာအုပ်စုမှ ပြည်သူထောင်ချီ စစ်ရှောင်နေရကြောင်း သိရသည်။

ယင်းသို့ ရေစကြိုမြို့နယ်ရှိ ရွာ သုံးရွာမှ ဒေသခံ ၁၀၀ ကျော်ကို စစ်တပ်က ဖမ်းဆီးထားသည့် သတင်းနှင့် ပတ်သက်၍ ယနေ့ထုတ် စစ်ကောင်စီ၏ သတင်းစာများတွင် ၎င်း ရွာများ ဝန်းကျင်၌ PDFအချို့ ခိုအောင်းနေကြောင်း သတင်းပေးချက် အရ နယ်မြေရှင်းလင်းရေး လုပ်ဆောင်ခြင်းဖြစ်ကြောင်း၊ PDF များက ပစ်ခတ်၍ အိမ်အချို့ မီးလောင်ကျွမ်းခြင်း ဖြစ်ကြောင်း၊ မီဒီယာများက လုံခြုံရေးတပ်ဖွဲ့များ ဂုဏ်သိက္ခာကျ ပြည်သူအထင်လွဲစေရန် သတင်းမှားများ လုပ်ကြံရေးသားခြင်း ဖြစ်ကြောင်း ဆိုထားသည်။


Comments

Leave a Reply

Your email address will not be published. Required fields are marked *