ချင်း​ပူးပေါင်းတပ်​တွေ တွန်းဇံနဲ့ကျီခါးမြို့သိမ်းဖို့ ဘယ်လိုချီတက်ခဲ့ကြလဲ

တွန်းဇံမြို့ သိမ်းဖို့အတွက် Vakok-PDF ​တွေအပါအဝင် ချင်းပူး​ပေါင်းတပ်​တွေ ချီတက်သွားကြစဥ်။ ချင်းပူး​ပေါင်းတပ်​တွေက ကျီခါးမြို့ကို ​မေ ၁၉ ရက် ၊တွန်းဇံမြို့ကို ​မေ ၂၁ ရက်နံနက်မှာ​အောင်မြင်စွာသိမ်းပိုက်နိုင်ခဲ့ပါတယ်။

အခုဆိုရင် ချင်းပြည်နယ်မှာ ချင်းပူး​ပေါင်းတပ်​တွေ သိမ်းပိုက်ထားတဲ့မြို့ ၁၀ မြို့ရှိပါပြီ။

အာရက္ခတပ်​တော်-AA သိမ်းပိုက်ထားတဲ့ ပလက်ဝမြို့နဲ့ ဆမီးမြို့ပါထည့်တွက်ရင် ၁၂ မြို့ထိရှိလာပြီဖြစ်ပါတယ်။

ချင်းပြည်မြောက်ပိုင်း တွန်းဇံနှင့် ကျီခါးမြို့ကို ချင်းပူးပေါင်းတပ်က သိမ်းပိုက်ထိန်းချုပ်နိုင်ပြီ

ချင်းပြည်နယ်မြောက်ပိုင်း တွန်းဇံနှင့် ကျီခါးမြို့တို့ကို ချင်းကာကွယ်ရေးပူးပေါင်းတပ်က သိမ်းပိုက်ထိန်းချုပ်ထားနိုင်ပြီဟု ချင်းအမျိုးသားတပ်ဦး CNF/ CNA ပြောရေးဆိုခွင့်ရှိသူ ဆလိုင်းထက်နီက ပြောသည်။

ယနေ့ မေလ ၁၉ ရက် မနက်ပိုင်းတွင် ကျီခါးမြို့ စစ်ကောင်စီတပ်စခန်းကို ဝင်ရောက်တိုက်ခိုက်ရာမှာ စစ်ကောင်စီက ကြိုတင် ဆုတ်ခွာသွားသောကြောင့် ပစ်ခတ်မှု မဖြစ်ပွားပဲ အပြီးသတ်ထိန်းချုပ်ထားလိုက်ပြီဖြစ်ကြောင်း ဆလိုင်းထက်နီက ပြောသည်။

“ကျီခါးမြို့က စစ်ကောင်စီတပ်စခန်းကို ဒရုန်းနဲ့ ကြဲချတယ်။ အဲဒါမှာ စစ်ခန်းကို ဝင်စီးတော့ သူတို့က တစ်ယောက်မှ မရှိဘူး။ အဲဒီမတိုင်ခင်က ကျီခါးက စစ်ကောင်စီတပ်ဖွဲ့ဝင်တွေကို တွန်းဇံကို ပို့သွားတယ်လို့ သတင်းတွေ ကြားတာ၊ အမှန်ဖြစ်သွားတယ်။ ကျနော်တို့ ဒရုန်းနဲ့ ကြဲချပြီး လုပ်တော့ သူတို့က ကြိုပြီးတော့ ဆုတ်ခွာသွားပုံရတယ်။ အပစ်အခတ်တွေ မရှိပဲနဲ့ပဲ သိမ်းလိုက်တာဖြစ်တယ်” ဟု ဆလိုင်းထက်နီကပြောသည်။

တွန်းဇံမြို့ပေါ်က ခလရ – ၂၆၉ တပ်စခန်းအပါအဝင် စစ်ကောင်စီအခြေစိုက်ရာစခန်းအားလုံးကိုလည်း ချင်းပူးပေါင်းတပ်က သိမ်းပိုက်ထားလိုက်ပြီဟု ဆလိုင်းထက်နီကပြောသည်။

“တွန်းဇံမြို့ထဲမှာက ခလရ – ၂၆၉ တပ်ကုန်းပဲရှိတယ်။ ပြီးတော့ ရဲစခန်းရယ်၊ မြို့ထဲ ၂ နေရာမှာ နေရာယူထားတာရယ်ကို ကျနော်တို့ တပ်ကုန်းကိုရော၊ ရဲစခန်းကို‌ရော သိမ်းနိုင်ခဲ့ပြီ။ အခု မြို့ထဲမှာ နယ်မြေ ရှင်းလင်းရေး လုပ်တဲ့အခါမှာ သူတို့က မြို့ထဲကနေ အပြန်အလှန်ပစ်ခတ်တာတွေ ရှိသေးတယ်ဆိုတော့ တွန်းဇံမြို့မှာ စစ်ကောင်စီ ကင်းစင်ပြီးလို့ ပြောမရသေးဘူး။ သူတို့ အခြေချထားတဲ့ စခန်းတွေအားလုံးကတော့ သိမ်းဆည်းပြီးဖြစ်တယ်” ဟု ဆလိုင်းထက်နီက ပြောသည်။

လက်ရှိ တွန်းဇံမြို့ပေါ်တွင် ချင်းကာကွယ်ရေးပူးပေါင်းတပ်ဖွဲ့ကို စစ်ကောင်စီနှင့် ZRA – EC ပူးပေါင်းတပ်က ပျောက်ကြားပုံစံဖြင့်သာ တိုက်ခိုက်နေကြောင်း သိရသည်။

တွန်းဇံမြို့တိုက်ပွဲများတွင် စစ်ကောင်စီတပ်နှင့် ZRA – EC တပ်တို့ ပူးပေါင်းနေရာယူ၍ တိုက်ခိုက်ခဲ့ကြောင်း၊ တွန်းဇံမြို့ ပြည်သူဆေးရုံးတွင်လည်း ZRA တပ်ဖွဲ့ဝင် (၁၀) ဦးနှင့် စစ်ကောင်စီတပ်ဖွဲ့ဝင် (၈) ဦးတို့ ဆေးရုံးတက်ခဲ့ရ ကြောင်း ဆလိုင်းထက်နီက ပြောသည်။

ဇိုမီးတော်လှန်ရေးတပ် (ZRA) မှ တပ်ဖွဲ့ဝင် (၁) ဦးနှင့် စစ်ကောင်စီလက်အောက်ခံ ရဲတပ်ဖွဲ့ဝင် (၂) ဦးကို အရှင်ဖမ်းဆီးရမိခဲ့ကြောင်း သိရသည်။

စစ်ကောင်စီသည် ယနေ့ မေလ ၁၉ ရက်တွင်လည်း လေကြောင်းပစ်ကူမှု ၁၀ ကြိမ်ခန့်ပြုလုပ်ခဲ့ပြီး ၄ ရက်တာ တိုက်ပွဲတွင် အကြိမ်ရေအများဆုံးဖြစ်ကြောင်း သိရသည်။

ချင်းပူးပေါင်းတပ်ဖွဲ့များက တွန်းဇံမြို့ကို စတင်တိုက်ခိုက်ရန် စစ်ရေးပြင်ဆင်သည့် မေလ ၁၅ ရက်ကတည်းက စစ်ကောင်စီက လေကြောင်းတိုက်ခိုက်မှု ဆက်တိုက်ပြုလုပ်ခဲ့ကြောင်း သိရသည်။

တွန်းဇံမြို့ သိမ်းပိုက်ရေး စစ်ဆင်ရေးသည် ချင်းပြည်အစိုးရ၊ ကာကွယ်ရေးဝန်ကြီးဌာနမှ ဖော်ဆောင်သည့် ပထမဆုံး စစ်ဆင် ရေးဖြစ်ပြီး မေလ ၁၆ ရက်က စစ်ကောင်စီ တပ်စခန်းများကို စတင်တိုက်ခိုက်ခဲ့ကြခြင်းဖြစ်သည်။ ယင်းတိုက်ပွဲတွင် ချင်း ကာကွယ်ရေးတပ်ဖွဲ့ ၁၄ ဖွဲ့ပါဝင်သည်ဟုသိရသည်။

တိုက်ပွဲများကြောင့် တွန်းဇံမြို့နယ် ပြည်သူ ၅၀၀၀ ခန့် အိုးအိမ်စွန့်ခွာ စစ်ဘေးရှောင်နေရပြီး လေကြောင်းတိုက်ခိုက်မှုများကြောင့် နေအိမ် ၁၀ လုံးကျော် ထိခိုက်ပျက်စီးသွားကြောင်း သိရသည်။


Comments

Leave a Reply

Your email address will not be published. Required fields are marked *