စက်ရုံတွေကို လျှပ်စစ်မီးတစ်ရက်ကို ၂ နာရီ သာရတော့မှာမို့ ဘယ်လိုအကျိုးဆက်တွေ ဖြစ်လာနိုင်လဲ

မြန်မာတစ်နိုင်ငံလုံးက စက်ရုံတွေကို လျှပ်စစ်မီးတစ်ရက်ကို ၂ နာရီ သာ ပေးတော့မယ်လို့ ရန်ကုန်လျှပ်စစ်ဓာတ်အားပေးကော်ပိုရေးရှင်း အမှုဆောင်အရာရှိချုပ် ဦးကျော်သူကပြောပါတယ်။

အခု လို စက်ရုံတွေကို လျှပ်စစ်မီးဝန်အား လျှော့ချလိုက်တာကြောင့် ဘယ်လို သက်ရောက်မှုတွေ ရှိလာနိုင်မလဲ။ အပြည့်အစုံကို ကိုသူရ က ပြောပါမယ်။

နိုင်ငံတစ်ဝန်းက စက်မှုဇုန်အားလုံး လျှပ်စစ်မီး တစ်ရက် နှစ်နာရီသာရရှိ

မြန်မာနိုင်ငံတစ်ဝန်းက စက်မှုဇုန်အားလုံး မေလ ၁၉ ရက်နေ့ကစတင်ပြီး လျှပ်စစ်မီး တစ်ရက်ကို နှစ်နာရီသာ ရရှိတော့တယ်လို့ စက်မှုလုပ်ငန်းရှင်တွေကပြောပါတယ်။

စက်မှုဇုန်တွေအားလုံး မနက် ၅ နာရီကနေ ၇ နာရီအထိ နှစ်နာရီသာ လျှပ်စစ်မီးရရှိတော့မဲ့အကြောင်း သက်ဆိုင်ရာမြို့နယ်လျှပ်စစ်ရုံးတွေကတစ်ဆင့် အကြောင်းကြားခဲ့တာလို့ ဆိုပါတယ်။

လျှပ်စစ်မီးမရလို့ ဒီဇယ်ဆီနဲ့လည်ပတ်တဲ့အခါ ထုတ်လုပ်မှုစရိတ်ကြီးမြင့်လာပြီး ကုန်ဈေးနှုန်းတက်တာတွေဖြစ်လာနိုင်တယ်လို့ ရန်ကုန်မြို့က စက်မှုလုပ်ငန်းရှင်တစ်ဦးက ပြောပါတယ်။

“စက်မှုဇုန်တွေကို အဲဒီလိုအချိန်ပိုင်းနဲ့ပဲ ပေးတော့မယ်လို့ အကြောင်းကြားတယ်။ ဆိုတော့ ဒီဇယ်နဲ့ လည်ပတ်ရတော့မှာပေါ့။ ဒီဇယ်နဲ့လည်ပတ်တဲ့အခါ ကုန်ချောထုတ်လုပ်မှုစရိတ်က မြင့်လာမယ်။ အဲဒီလိုမြင့်လာတော့ ကုန်ဈေးနှုန်းတွေကအရင်ကထက် ပိုပြီးဈေးတက်လာမှာပဲ။ ဒါက စက်မှုဇုန်တွေအားလုံး ဖြစ်မှာဆိုတော့ အားလုံးရင်ဆိုင်ရမဲ့ အခြေအနေပေါ့”

ရန်ကုန်မြို့က မြို့နယ်လျှပ်စစ်ရုံး တာဝန်ရှိသူတစ်ဦးကလည်း လျှပ်စစ်ဓာတ်အားလုံလောက်မှုမရှိတာကြောင့် စက်မှုဇုန်တွေကို ရေရရှိနိုင်ရေးအတွက် (ရေတင်ရန်) တစ်နေ့ ၂ နာရီသာ လျှပ်စစ်မီးပေးမဲ့အကြောင်း စက်ရုံလုပ်ငန်းရှင်တွေကို အကြောင်းကြားထားတယ်လို့ပြောပါတယ်။

စစ်ကောင်စီ ဥက္ကဋ္ဌ ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်က လျှပ်စစ်ဓာတ်အားလိုအပ်ချက်ဟာ အကြီးမားဆုံး စိန်ခေါ်မှုဖြစ်နေတာကြောင့် ၂၀၂၅ ခုနှစ်မှာ လျှပ်စစ်ဓာတ်အား လုံလုံလောက်လောက်ရဖို့ ဆောင်ရွက်နေတယ်လို့ ၂၀၂၃ ခုနှစ်၊ ဇန်နဝါရီလ ၂၇ ရက်က နေပြည်တော်မှာ ကျင်းပတဲ့ စစ်ကောင်စီ အစည်းအဝေးမှာ ပြောခဲ့ပါတယ်။

အခုတစ်နှစ်ကျော်အကြာ ၂၀၂၄ ခုနှစ်၊ မေလ ၁ ရက်နေ့မှာတော့ တစ်နိုင်ငံလုံး ဓာတ်အားလိုအပ်ချက် ၅၅၀၀ မဂ္ဂါဝပ်လောက်ရှိပေမဲ့ လက်တွေ့မှာ တစ်ရက်ကို ပျမ်းမျှ ၂၈၀၀ မဂ္ဂါဝပ်ပဲ ထုတ်လုပ်နိုင်လို့ နိုင်ငံတစ်ဝန်း လျှပ်စစ်ဓာတ်အားလိုအပ်ချက် ၅၀ ရာခိုင်နှုန်းသာ မီးပေးနိုင်တယ်လို့ စစ်ကောင်စီ လျှပ်စစ်စွမ်းအား ဝန်ကြီးဌာနက ထုတ်ပြန်ထားပါတယ်။


Comments

Leave a Reply

Your email address will not be published. Required fields are marked *