စစ်ကိုင်းတိုင်းက ဒုက္ခသည်အရေး ကူညီသူတွေ ဖမ်းဆီးခံနေရ

စစ်ရေးပဋိပက္ခပြင်းထန်တဲ့ စစ်ကိုင်းတိုင်းက စစ်ဘေးဒုက္ခသည်တွေကို အကူအညီပေးနေတဲ့ အသင်းအဖွဲ့တွေကို စစ်ကောင်စီက စစ်ရေးပစ်မှတ်အဖြစ် သဘောထားနေသလို လူမှုကူညီရေး အသင်းအဖွဲ့ဝင်တွေကို ဖမ်းဆီးတာတွေလည်း ရှိနေတယ်လို့ အကူအညီပေးနေသူတွေက ပြောပါတယ်။

မေလ ပထမပတ်ထဲမှာ စစ်ကိုင်းမြို့က လူမှုကူညီရေးသမား ခြောက်ဦး ဖမ်းဆီးခံခဲ့ရပြီး နှစ်ပတ်ကျော်ကြာတဲ့ အထိ အဆက်အသွယ်ပြတ်နေပါတယ်။

စစ်ကိုင်းမြို့ သုခကာရီ ကျန်းမာရေးနဲ့ လူမှုကူညီရေးအသင်းဝင် သုံးဦးနဲ့ နောက်ထပ် မြို့ခံလူမှုကူညီရေးသမား သုံးဦးတို့ ဖမ်းဆီးခံရတာလို့ အကူအညီပေးနေသူတွေက ပြောပါတယ်။

မေလ ၅ ရက်နေ့မှာ သုခကာရီ လူမှုကူညီရေးအသင်း ကားမောင်းသူ ကိုဇင်ဖြိုးအောင် (ခ) ကိုဖက်တီး နေအိမ် မှာပဲ ဖမ်းဆီးခံရပြီး နောက်နေ့မှာ စစ်ကောင်စီဟာ စစ်ကိုင်းမြို့ စိန်ကုန်းတိုက်နယ် လေးကျွန်းမြေရပ်ကွက် လေးကျွန်းမြေ အုဌ်ကျောင်းဝင်းအတွင်းမှာရှိတဲ့ သုခကာရီအသင်းရုံးကို ဝင်ရောက်စီးနင်းခဲ့တာပါ။ အဲဒီချိန်မှာ အသင်းသား ခြောက်ဦး ဖမ်းဆီးခံခဲ့ရပြီး အဲဒီထဲက လေးဦးကို ပြန်လွှတ်ခဲ့ပေမဲ့ ကိုအောင်သူနဲ့ ကိုအာကာဖြိုးကျော်တို့ နှစ်ဦးကတော့ ဖမ်းဆီးခံထားရဆဲ ဖြစ်ပါတယ်။

အဲဒီရက်ပိုင်းမှာပဲ သူတို့နဲ့ တစ်ဆက်တည်း စစ်ကိုင်းမြို့က လူမှုကူညီရေးသမားတွေဖြစ်တဲ့ ကိုအောင်အောင်၊ ကိုစိုးဝင်းနဲ့ ကိုအေးဇာနည်ထွန်းတို့လည်း ဖမ်းဆီးခံရတယ်လို့ လူမှုကူညီရေးလုပ်ဆောင်နေသူတွေက ပြောပါ တယ်။

သူတို့ဟာ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ (PDF) တွေနဲ့ အဆက်အသွယ်ရှိတယ်ဆိုတဲ့ အကြောင်းပြချက်နဲ့ ဖမ်းဆီးခံရတာလို့ စစ်ကိုင်းမြို့က သုခကာရီ ကျန်းမာရေးနှင့် လူမှုကူညီရေးအသင်းရဲ့ နာယကဆရာတော် ဘဒ္ဒန္တဓမ္မပ္ပိယာလင်္ကာရ က မိန့်ပါတယ်။

“တို့အသင်းကတော့ သုံးယောက်လောက် ပါတာ။ ကျန်တာကတော့ သူတို့ ရပ်ကွက်တွေမှာ သူတို့ သက်ဆိုင်ရာ အသင်းအဖွဲ့ လုပ်တဲ့ဟာတွေ။ အရပ်ဘက်ကားနဲ့လာပြီးဖမ်းသွားတယ်။ တခြားအဖွဲ့အစည်းနဲ့ အဆက်အသွယ် ရှိတယ်။ လောလောဆယ် တည်ဆဲဥပဒေတွေအရ ငြိစွန်းနေမှုရှိတယ်လို့ ဘုန်းဘုန်း သိရတယ်နော့”

သူတို့ကို အခုလက်ရှိ ဘယ်မှာဖမ်းဆီးထိန်းသိမ်းထားတယ်ဆိုတာ မသိရသေးသလို ဘာပုဒ်မတွေနဲ့ အမှုဖွင့် ထားတယ်ဆိုလည်း စုံစမ်းလို့မရသေးဘူးလို့ ဆရာတော်က မိန့်ပါတယ်။

သုခကာရီ ကျန်းမာရေးနဲ့ လူမှုကူညီရေးအသင်းမှာ အသင်းသား၊ အသင်းသူ ၃၀၀ ကျော်ရှိပြီး စစ်ကိုင်း မြို့နယ်က ကျန်းမာရေး၊ နာရေးနဲ့ သဘာဝဘေးဒဏ်ကြုံရတဲ့ ဒုက္ခသည်တွေကို အကူအညီပေးနေတာ ၁၆ နှစ်ခန့်ရှိပြီလို့ နာယက ဆရာတော်က မိန့်ပါတယ်။

ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ (PDF) ကို ထောက်ပို့ပေးတယ်ဆိုတဲ့ စွပ်စွဲချက်နဲ့ စစ်ကိုင်းမြို့က လူမှုကူညီရေးသမား ခြောက်ဦးကို အကြမ်းဖက်မှုတိုက်ဖျက်ရေးပုဒ်မ ၅၀(ည)၊ ၅၂(က) တွေနဲ့ စစ်ကိုင်းနယ်မြေရဲစခန်းမှာ အမှုဖွင့်ထား တယ်လို့ စစ်တပ်ထောက်ခံရေးသားတဲ့ တယ်လီဂရမ်ချန်နယ်တွေက ဖော်ပြခဲ့ပါတယ်။

ဒီလို လူမှုကူညီရေးအသင်းအဖွဲ့ဝင်တချို့ ဖမ်းဆီးခံရတာတွေကြောင့် ပရဟိတလုပ်ငန်း လုပ်ကိုင်သူတွေ ဆက်ပြီးအကူအညီပေးဖို့ မဝံ့မရဲဖြစ်နေကြတယ်လို့ လုံခြုံရေးအရ အမည်မဖော်လိုတဲ့ စစ်ကိုင်းမြို့က လူမှုကူညီရေးသမားတစ်ဦးက ပြောပါတယ်။

“အရင်တုန်းကဆိုလို့ရှိရင်ပေါ့ ကျွန်တော်တို့က ပရဟိတတွေလုပ်နေရတာ အကုန်လုံးက လွတ်လွတ်လပ်လပ်ပဲ။ အခုနောက်ပိုင်းမှာ အဲလိုလေးတွေပေါ့နော်။ သတင်းအမှားလေးတွေနဲ့ ပရဟိတထဲက အဲလိုမျိုးတွေ ပါသွားတဲ့ အတွက်ကြောင့်တော့ ကိုယ်တွေလုပ်နေတဲ့ ပရဟိတအသင်းကိုပေါ့၊ လုပ်ငန်းတွေကိုပေါ့ ဆက်လက်လုပ်ဆောင် ဖို့ မဝံ့မရဲတော့ ဖြစ်သွားတာပေါ့”

စစ်ကိုင်းတိုင်းမှာ လစဥ် ယာယီစစ်ဘေးတိမ်းရှောင်ရတဲ့ ဒုက္ခသည်ဦးရေဟာ သုံးသောင်းအထက်မှာ ရှိနေတယ်လို့ စစ်ကိုင်းပြည်သူ ဖေးမကူကွန်ရက်ရဲ့ တာဝန်ရှိသူတစ်ဦးက RFA ကို ပြောပါတယ်။ အဲဒီကွန်ရက်ဟာ အသင်းအဖွဲ့ ၂၅ ဖွဲ့နဲ့ စစ်ကိုင်းတိုင်းက မြို့နယ်ပေါင်း ၃၇ မြို့နယ်ထဲက ၂၄ ခုမှာ ဒုက္ခသည်တွေကို အကူအညီပေးနေတာပါ။

စစ်ကောင်စီက အကူအညီပေးနေသူတွေကိုပါ စစ်ရေးပစ်မှတ်အနေနဲ့ မှတ်ယူထားတာလို့ မုံရွာမြို့နယ်မှာ ဒုက္ခသည်တွေကို ကူညီနေသူတစ်ဦးကပြောပါတယ်။

“အရေးအကြောင်းဆို ဒဏ်ရာတွေရတာတောင်မှ ပြည်သူတွေက ကုဖို့ရာအတွက်က ဆေးရုံဆေးခန်းတွေကို မသွားရဲကြဘူး။ ကျွန်တော်တို့က အရေးပေါ်ဆေးခန်းလေးတွေဖွင့်ပြီး ကူညီပေးတာရှိတယ်။ အဲတော့ကျ သူတို့က ဆေးကုပေးရင် ကျွန်တော်တို့ကို ဘာသတ်မှတ်လဲဆိုတော့ ကျွန်တော် တို့က စစ်ဘေးရှောင်ကို ဖွင့်ထားတယ် ဆိုရင်တောင်မှ သူတို့ရည်ရွယ်ချက်က စစ်ဘေးရှောင်အတွက် မဟုတ်ဘဲနဲ့ တော်လှန်ရေးအတွက် ဖွင့်ထားတဲ့ ဆေးခန်း ပုံစံမျိုး။ သူတို့ကတော့ တရားမဝင်ဘူးပေါ့ဗျာ ပြောရမယ်ဆိုရင်တော့”

ဒုက္ခသည်တွေအတွက် လိုအပ်တဲ့ ဆေးဝါးနဲ့ အသုံးအဆောင်တွေ သယ်ယူရာမှာလည်း စစ်ကောင်စီတပ် စစ်ဆေးရေးဂိတ်တွေမှာ ဖြတ်ရတဲ့အခါ စစ်ဆေးသိမ်းဆည်းခံရတာတွေလည်း ကြုံရတယ်လို့ သူက ပြောပါ တယ်။

စစ်တပ်အာဏာသိမ်းပြီးနောက်ပိုင်း အကြောင်းအမျိုးမျိုးကြောင့် လူမှုကူညီရေးအသင်းအဖွဲ့တွေ ရပ်နားသွား ကြတာများသလို အခုလို တားမြစ်ဖမ်းဆီးတာတွေကြောင့်လည်း သွားလာကူညီရတာ ခက်ခဲနေပါတယ်။

ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ (PDF) တွေခိုအောင်းနေထိုင်တယ်ဆိုပြီး မကြာခဏ စစ်ကောင်စီ စစ်ကြောင်းထိုး တာခံရတဲ့ တန့်ဆည်မြို့နယ်က ရွာတွေမှာ အကူအညီပေးတဲ့ အသင်းအဖွဲ့တွေ နည်းသွားလို့ ကျန်းမာရေးအတွက် ဒေသခံတွေ ခက်ခဲနေကြပါတယ်။

ဆေးကုသဖို့ လုံလောက်တဲ့ အကူအညီမရကြလို့ သေဆုံးတာတွေရှိနေတယ်လို့ လုံခြုံရေးကြောင့် အမည်မဖော် လိုတဲ့ တန့်ဆည်မြို့နယ် ချောင်းရိုးရွာ ဒေသခံတစ်ဦးကပြောပါတယ်။

“စောစောတုန်းကတော့ ရွာက နာရေးကား ပျက်နေတာပဲဖြစ်ဖြစ်၊ အဆင်မပြေတာပဲဖြစ်ဖြစ် ရေဦးတို့ လမ်းဆုံ တို့ နာရေးအသင်းတွေအများကြီးရှိတယ်လေ။ ခေတ်ကောင်းတုန်းကတော့ အသင်းအမျိုးမျိုးက အများကြီး ကူညီကြပါတယ်။ အခု မြို့ပေါ်တောင်မှ ကူညီရေးအသင်းတွေက နည်းသွားပြီလေ။ အကူအညီ ပေးရမှာ လန့်နေတာပ။ ရင်ထဲကတော့ ကူညီချင်သော်ငြားလည်း ဒီလို ဒီရွာကလူ တင်သွားပြန်ရင်လည်း လမ်းကျတော့ အစစ်အဆေး အမေးအမြန်းထူတယ်။ ပြန်လှည့်လာရတာတွေလည်း ရှိတယ်။ အဲတော့ ကျန်းမာရေး အခက်အခဲ နဲ့ ငါတို့ဘက် တို့ရွာလေးကတော့ ဆေးရုံဆေးခန်းကြီးတွေ သွားကုရမယ့်ဟာမျိုးကျတော့ မကုနိုင်တဲ့အခါ အခက်အခဲ အမျိုးမျိုးရှိတဲ့အခါကျတော့ အသက်တွေပေးကြရတာတွေရှိတယ်”

စစ်ကောင်စီက ဒုက္ခသည်တွေကို အကူအညီပေးနေတဲ့သူတွေကို အဟန့်အတားလုပ် ဖမ်းဆီးတဲ့လုပ်ရပ်ဟာ နိုင်ငံတကာဥပဒေတွေကို ချိုးဖောက်တဲ့လုပ်ရပ် ဖြစ်တယ်လို့ မြန်မာ့လူ့အခွင့်အရေးကွန်ရက် (BHRN) ညွှန်ကြားရေးမှူး ဦးကျော်ဝင်းက ထောက်ပြပါတယ်။

“လူသားချင်းဆိုင်ရာ အကူအညီပေးတယ်ဆိုတဲ့ အုပ်စုတွေကလည်း သူတို့မှာ ကျောသားရင်သား ခွဲခြားမှု မရှိဘူး။ သူတို့ရဲ့ စံတန်ဖိုးက လူသားတစ်ယောက် ဒုက္ခရောက်နေတယ်ဆိုရင် အဲဒီ ဒုက္ခရောက်နေတဲ့ လူသားကို သူတို့က ကူညီပေးရမယ်။ ဒီမှာ ဘက်ဆိုတာ မရှိဘူး သူတို့မှာ။ ဒီလိုလူမျိုးတွေ ဒီလိုအဖွဲ့အစည်းမျိုးတွေက လူသားချင်းဆိုင်ရာ အကူအညီပေးတာကို အဟန့်အတားလုပ်တာတို့ ဖမ်းဆီးတာတို့၊ အရေးယူတာတို့ဆိုတာက ဒါက တော်တော်လေး နိုင်ငံတကာဥပဒေတွေကို ချိုးဖောက်ရာလည်း ကျတယ်ပေါ့နော်”

ပြည်သူတွေဆီ လူသားချင်းစာနာမှုဆိုင်ရာအကူအညီပေးတာတွေကို ရပ်တန့်အောင် စစ်ကောင်စီက အကြမ်းဖက်တဲ့ နည်းလမ်းမျိုးစုံသုံးပြီး လုပ်ဆောင်နေတယ်လို့ သူက ဆက်ပြောပါတယ်။

နိုင်ငံရေးအကျဉ်းသားများ ကူညီစောင့်ရှောက်ရေးအသင်း (AAPP) ရဲ့ မေလ ၂၁ ရက်နေ့အထိ ထုတ်ပြန်ချက်အရ စစ်အာဏာသိမ်းပြီးနောက် နိုင်ငံတစ်ဝန်းက ပြည်သူ နှစ်သောင်းကျော် (၂၀,၄၇၇) ဖမ်းဆီးခံထားရဆဲ ဖြစ်ပါတယ်။


Comments

Leave a Reply

Your email address will not be published. Required fields are marked *