အလောင်းလာကောက်စဉ် ထပ်မံတိုက်ခိုက်ခံရကာ ၂ ဦး ထပ်မံသေဆုံး

ထားဝယ်ရှိ ဘုရားမဲစစ်ဆေးရေးဂိတ် တိုက်ခိုက်ခံရ၍ စစ်ကောင်စီတပ်သား ၂ ဦး သေဆုံးခဲ့ပြီး အလောင်းလာကောက်စဉ် ထပ်မံတိုက်ခိုက်ခံရကာ ၂ ဦး ထပ်မံသေဆုံး

တနင်္သာရီတိုင်း၊ ထားဝယ်မြို့နယ်၊ မောင်မယ်ရှောင်ကျေးရွာရှိ ဘုရားမဲ စစ်ဆေးရေး ဂိတ်ကို မေလ ၁၉ ရက် မွန်းလွဲ ၂ နာရီ မိနစ် ၃၀ ခန့်က တိုက်ခိုက်ခဲ့ရာ စစ်ကောင်စီ တပ်ဖွဲ့ဝင် နှစ် ဦး သေဆုံးသွားကြောင်း ဗထူးတပ်မတော် (BHA Htoo Army-BHA) ထံက သိရသည်။

စစ်ကောင်စီတပ်ဖွဲ့ဝင် အင်အား ၃၀ ခန့်သည် ဘုရားမဲ စစ်ဆေးရေးဂိတ်တွင် တပ်စွဲ၍ ခရီးသွားပြည် သူလူထုအပေါ် ဆက်ကြေးကောက်နေသော စစ်ကောင်စီတပ်သားများကို အနီးကပ် ဝင်ရောက် ပစ်ခတ် တိုက်ခိုက်ခဲ့ရာ နှစ် ဦး သေဆုံးပြီး အများအပြား ထိခိုက်ဒဏ်ရာရရှိခဲ့ကြောင်း သိရသည်။

ယင်းနောက် မေလ ၂၀ ရက်နေ့ တွင် ဘုရားမဲစစ်ဆေးရေးဂိတ်၌ ပစ်ခတ်တိုက်ခိုက်ခံရပြီး သေဆုံး သွားသော အလောင်းများကို လာရောက်သယ်ယူသည့် စစ်ကောင်စီ တပ်သားများကို ထပ်မံပစ်ခတ်တိုက်ခိုက်ခဲ့ရာ နှစ်ဦး ထပ်မံသေဆုံးခဲ့ပြီး အများ အပြား ထိခိုက်ဒဏ်ရာရရှိကြောင်း သိရသည်။

“အဲ့ဒီ ဘုရားမဲစစ်ဆေးရေးဂိတ်မှာက ဇဟာ အမြှောက်တပ်ကလည်း ရှိတယ်။ ခမရ ၄၀၆ ၊ ခမရ ၄၀၇ က စစ်ကောင်စီတပ်သားတွေလည်းရှိတယ်။ အနီးကပ် ဝင်ပစ်တာဗျ။ နောက်တစ်နေ့မှာလည်း အလောင်း လာကောက်တဲ့ ကောင်တွေကိုလည်း ထပ်ပစ်တာ။ အလောင်းလာသယ်တာက ဇဟာအမြောက်တပ်က ကောင်တွေလာသယ်တာဗျ။ ဒဏ်ရာ ရတဲ့ ကောင်တွေကတော့ စစ်ဆေးရုံမှာ ဆေးကုသမှုခံယူနေကြတယ်။ အခုတော့ အဲဒီ ဘုရားမဲစစ်ဆေးရေးဂိတ် အနီး ပတ်ဝန်းကျင်မှာ အင် အားတိုးချဲ့ပြီးချထားတယ်” ဟု ဗထူးတပ်မတော်မှ ပြန်ကြားရေးတာဝန်ခံ ရဲဘော်ထက်မြက်ကပြောသည်။

၂ ရက်တာ တိုက်ခိုက်မှုအတွင်း စစ်ကောင်စီတပ်ဖွဲ့ဝင် လေး ဦး သေဆုံးသွားပြီး အများအပြားထိခိုက် ဒဏ်ရာရရှိကာ တော်လှန်ရေးပူးပေါင်းတပ်များဖက်မှ အထိအခိုက် မရှိ ဆုတ်ခွာနိုင်ခဲ့ကြောင်းသိရသည်။

အဆိုပါ တိုက်ခိုက်မှုကို KNLA တပ်မဟာ (၆) ၊ တပ်ရင်း-၂၇ နှင့် ဗထူးတပ်မတော် (BA Htoo Army) တို့မှ ပူးပေါင်းကာ တိုက်ခိုက်ခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

ဗထူးတပ်မတော်အနေဖြင့် စစ်ကောင်စီတပ်များကို ယခု ၂၀၂၄ ခုနှစ်အတွင်း စစ်ရေးအရှိန်မြင့်ကာ အမြစ်ပြတ် တိုက်ခိုက်ချေမှုန်း သွားမည်ဖြစ်ပြီး မိဘပြည်သူများအနေဖြင့် စစ်ရေး အသိ၊ သတိ ဖြင့် သွားလာနေထိုင်ကြရန် နှင့် ပြည်သူကာကွယ်ရေးအဖွဲ့များမှ တရားဝင်အသိပေး ထုတ်ပြန်ထားသည့် ထုတ်ပြန်ချက်များကို လေးစားလိုက်နာကြရန် အသိပေး ထားသည်။

စစ်ကောင်စီ၏ လက်ကိုင်တုတ် ပျူစောထီးများ ၊ ပြည်သူ့စစ်အဖွဲ့ဝင်များ နှင့် စစ်ကောင်စီ လက် အောက်ခံ တပ်ဖွဲ့ဝင်များအနေဖြင့် တစ်နိုင်ငံလုံးအတိုင်းအတာဖြင့် ကျရှုံးမှု ပေါင်းများစွာ ရင်ဆိုင်နေရသည့် စစ်တပ်ကိုစွန့်ခွာ၍ ပြည်သူ့ရင်ခွင်သို့ အမြန်ဆုံးခိုလှုံ ဝင်ရောက်ကြပါရန် ဗထူးတပ်မတော် ( BA HtooArmy) က တိုက်တွန်းထားသည်။

ဓာတ်ပုံ ၊ ဘုရားမဲ စစ်ဆေးရေးဂိတ်အား အနီးကပ်ဝင်ရောက် ပစ်ခတ်တိုက်ခဲ့စဥ်


Comments

Leave a Reply

Your email address will not be published. Required fields are marked *