စစ်သားအလောင်း ၁၄၀ ဝန်းကျင် ပြန့်ကျဲနေကာ အလောင်းကောက်မည့်သူမရှိ

၀ိုင်းမော်မြို့နယ်ရှိ စစ်ကောင်စီတပ်စခန်းများကို သိမ်းပိုက်ပြီးနောက် ကဇူးစခန်းနှင့်ရွှေညောင်ပင် ခလရ ၃၂၁ စခန်းတို့တွင် စစ်သားအလောင်း ၁၄၀ ဝန်းကျင် ပြန့်ကျဲနေကာ အလောင်းကောက်မည့်သူမရှိ

ကချင်ပြည်နယ်၊ ၀ိုင်းမော်မြို့နယ်ရှိ စစ်ကောင်စီတပ်စခန်းများကို KIA ဦးဆောင်သော တော်လှန်ရေးတပ်များက သိမ်းပိုက်ပြီးနောက် ကဇူးစခန်းနှင့် ရွှေညောင်ပင် ခလရ ၃၂၁ စခန်းတို့တွင် စစ်ကောင်စီတပ်ဘက်မှ စစ်သား အလောင်း ၁၄၀ ဝန်းကျင် ပြန့်ကျဲနေပြီး အလောင်းကောက်မည့်သူပင်မရှိဖြစ်နေကြောင်း KIA ရှေ့တန်းသတင်းရင်းမြစ်က ပြောဆိုသည်။

မေလ ၁၈ ရက်နေ့ နံနက် ၅ နာရီမှစတင်၍ ၀ိုင်းမော်မြို့နယ်အတွင်းရှိ စစ်ကောင်စီတပ်စခန်းများ အခြေစိုက်ထားသော ကဇူး၊ ဒဘတ်၊ ဂါးရာယန်၊ ရွှေညောင်ပင် ခလရ ၃၂၁ တပ်စခန်း ၊ ဒိန်ဂါ၊ လိုင်ဖောင်၊ ဘင့်ပူကောင်၊ အောင်မြေ- ၁ အပါအဝင် စစ်ကောင်စီတပ်စခန်း ၁၀ ခုထက်မနည်းကို KIA နှင့် PDF ပူးပေါင်းတပ်များက တစ်ပြိုင်နက်တည်း ဝင်ရောက်တိုက်ခိုက်ခြင်းဖြစ်ကြောင်း သိရှိရသည်။

ယင်းနောက် မေလ ၁၉ ရက်နေ့ ည ပိုင်းတွင် စစ်အင်အား ၂၀၀ ခန့်ရှိသော ကဇူးစစ်ကောင်စီတပ်စခန်းကိုလည်းကောင်း၊ မေလ ၂၁ ရက်နေ့ ည ၈ နာရီ ၃၀ မိနစ်အချိန် ရွှေညောင်ပင်ကျေးရွာမှ ခမရ ၃၂၁ အခြေစိုက်စခန်းကိုလည်းကောင်း၊ ၀ထောင်ဘွမ် ၊ ရတမ ၄၃၈ စခန်း နှင့် အောင်မြေ ၁ ၊ အောင်မြေ ၂ ၊ ခါးရှီစခန်းတို့ကိုလည်းကောင်း အသီးသီးတိုက်ခိုက်သိမ်းပိုက်ရရှိပြီဖြစ်ကြောင်း သိရှိရသည်။

“၀ိုင်းမော်မြို့နယ် ကဇူးစခန်းနဲ့ ရွှေညောင်ပင် ခမရ ၃၂၁ အခြေစိုက်စခန်းမှာ စစ်သား အလောင်း ၁၀၀ ကျော်တယ်။ ၁၄၀ လောက်ရှိတယ်။ ကောက်မယ့်သူမရှိဘူး” ဟု KIA သတင်းရင်းမြစ်က ပြောဆိုသည်။

လတ်တလော ၀ိုင်းမော်မြို့နယ်တွင် ရဲစခန်း၊ မြို့စောင့်တပ် ခလရ ၅၈ တပ်ရင်းနှင့် လီဆူ ပြည်သူ့စစ်တပ်စခန်း တို့သာ ကျန်ရှိတော့ပြီး ၀ိုင်းမော်မြို့မှ ပြည်သူများမှာလည်း တိုက်ပွဲများဖြစ်ပွားလာမည်ကို စိုးရိမ်၍ ထွက်ပြေး တိမ်းရှောင်နေရကြောင်း သိရှိရသည်။

“မနေ့ညကလည်း တစ်ညလုံး မီးလုံးကြီးတွေ တက်လာပြီး တစ်ညလုံးပေါက်ကွဲမှုတွေဖြစ်တယ်။ နောက်ဆုံးကျန်တဲ့ တပ်ကလည်း မြို့ထဲမှာဆိုတော့ အားလုံးက စစ်ဖြစ်မှာစိုးရိမ်ပြီး ထွက်ပြေးကြတယ်။ ပိုင်ဆိုင်တာတွေ ထုပ်ပိုးပြီး ဒီမနက် အစောကတည်းက ပြေးကြတာ” ဟု စစ်ဘေးရှောင် ပြည်သူတစ်ဦးက ပြောဆိုသည်။

ဓာတ်ပုံ- မေလ ၂၀ ရက်နေ့မှ ယနေ့အထိ ၀ိုင်းမော်မြို့မှ ပြည်သူများ စစ်ဘေးတိမ်းရှောင်ကြစဉ်။

Leave a Comment