ဝိုင်းမော်မြို့အထွက်ရှိ ခလရ(၃၂၁)ကို KIA နှင့်ပူးပေါင်းတပ်ဖွဲ့ သိမ်းပိုက်

ကချင်ပြည်နယ်၊ ဝိုင်းမော်မြို့အထွက်ရှိ ခလရ(၃၂၁) ရွှေညောင်ပင်စခန်းကို ယမန်နေ့ (မေလ ၂၁ ရက်) ညပိုင်းတွင် ကချင်အမျိုးသားလွတ်မြောက်ရေးတပ်မတော်(KIA)နှင့် ပူးပေါင်းတပ်ဖွဲ့များက သိမ်း ပိုက်နိုင်ခဲ့ကြောင်း ရှေ့တန်းသတင်းရင်းမြစ်များထံမှ သိရသည်။

ရွှေညောင်ပင် ခလရ (၃၂၁) စခန်းအား လေးရက်ဆက်တိုက် ပိတ်ဆို့တိုက်ခိုက်ခဲ့ပြီးနောက်တွင် သိမ်း ပိုက်နိုင်ခဲ့ခြင်းဖြစ်ပြီး နယ်မြေရှင်းလင်းရေးကိုမူ တိုက်ပွဲအခြေအနေကြောင့် မလုပ်နိုင်သေးကြောင်း KIA စစ်ရေးသတင်းမြစ်ကပြောသည်။

“ဝိုင်းမော် စကစတပ် (၃၂၁)က နယ်မြေရှင်းလင်းရေး လုပ်ဖို့ပဲကျန်တော့တယ်။ စခန်းအတွင်းမှာ မိုင်းတွေ အများကြီးထောင်ပြီး စခန်းကိုစွန့်သွားကြတာ၊ တိုက်ပွဲမပြီးသေးတာကြောင့် မလုပ်နိုင်သေးဘူး” ဟု KIA တပ်ရင်း (၃)မှ အရာရှိတဦးကဆိုသည်။

ခလရ(၃၂၁)အသိမ်းခံရပြီးနောက် မြစ်ကြီးနားမြို့အခြေစိုက် မြောက်ပိုင်းတိုင်းစစ်ဌာနချုပ်က ဝိုင်းမော်၊ ရွှေညောင်ပင်ဘက်သို့ လက်နက်ကြီးဖြင့် အဆက်မပြတ်ပစ်ခတ်ခဲ့ခြင်းကြောင့် ဒေသခံများ စိုးရိမ်ပူပန်မှု မြင့်တက်ပြီး ရွှေ့ပြောင်းရန်ပြင်ဆင်နေကြကြောင်း သိရရသည်။

လက်ရှိတွင် တိုက်ပွဲသည် ဝိုင်းမော်မြို့နှင့်နီးကပ်လာသည့်အတွက် မြို့အတွင်းရှိ အစိုးရဌာနဆိုင်ရာများမှ ဝန်ထမ်းများ ပြောင်းရွှေ့သွားကြပြီဖြစ်ကြောင်း ဒေသခံသတင်းရင်း မြစ်ကပြောသည်။

“ဒီနေ့ ကဆုန်လပြည့် ရုံးပိတ်တာနဲ့ကွက်တိပဲ။ သူတို့လည်း မနေရဲတော့ဘူးနဲ့တူတယ်၊ အကုန်ရွှေ့သွားကြ ပြီ။ မြို့ထဲမှာ ရုံးဆိုလို့ ရဲစခန်းတစ်ခုပဲ ကျန်တော့တယ်” ဟု ဝိုင်းမော်ဒေသခံတစ်ဦးက ပြောသည်။

ယနေ့(မေလ ၂၂ ရက်) နံနက် ၉ နာရီကျော်တွင် ဝိုင်းမော်မြို့အခြေစိုက် ခလရ(၅၈)အကျော်ရှိ ဝူယန် ကျေးရွာတွင် KIA နှင့် စစ်ကောင်စီတပ်တို့ တိုက်ပွဲဖြစ်ပွားနေဆဲဖြစ်ကြောင်း ဒေသခံများကပြောသည်။

ဝိုင်းမော်မြို့နယ်အတွင်းရှိ ခတ်ချို၊ မခန္တီး၊ နောင်းဟီ၊ စန်းကား၊ အင်းလေး၊ နောင်စီပေါစသည့်ကျေးရွာများ မှ ဒေသခံများမှာ မေလ ၂၁ ရက်နေ့ နံနက်ပိုင်းမှစတင်ကာ ဝိုင်းမော်မြို့ပေါ်ရှိ ဘုန်းကြီးကျောင်း၊ ဘုရား ကျောင်းများနှင့် မြစ်ကြီးနားမြို့များသို့ ပြောင်းရွှေ့နေကြကြောင်းသိရသည်။

ဝိုင်းမော်မြို့နယ်အတွင်းရှိစစ်ကောင်စီတပ်စခန်းများကို KIA ပူးပေါင်းတပ်ဖွဲ့က ပြီးခဲ့သည့် မေလ ၁၈ ရက် နေ့တွင် ပြန်လည်ထိုးစစ်ဆင်တိုက်ခိုက်ခဲ့ခြင်းဖြစ်ပြီး ဝထောင်တပ်စခန်းအပါအဝင် အောင်မြေ(၁)၊ အောင် မြေ(၂)စသည့်ကျေးရွာများရှိ စစ်ကောင်စီတပ်စခန်း ငါးခုထက်မနည်းကို တိုက်ခိုက်သိမ်းပိုက်ထားသည်။

ပုံအညွှန်း-ယနေ့ ဝိုင်းမော်မြို့မြင်ကွင်းများ

Leave a Comment

Your email address will not be published. Required fields are marked *

Scroll to Top