ဝိုင်းမော် ခမရ(၃၂၁) တပ်ရင်း KIA သိမ်းပိုက်ပြီးနောက် လိုင်ဇာအနီးသို့ စစ်ကောင်စီလေကြောင်း တိုက်ခိုက်

မြစ်ကြီးနားရှိ မပခအတွင်းမှ ဝိုင်းမော်ဘက်သို့ အတွဲလိုက်ဒုံးများဖြင့် အကြိမ်ပေါင်းများစွာ ရမ်းသန်းပစ်ခတ်

ကချင်ပြည်နယ် ဝိုင်းမော်မြို့နယ် ရွှေညောင်ပင်ဒေသ အခြေစိုက် စစ်ကောင်စီတပ် ခမရ(၃၂၁) တပ်ရင်းကို ကချင်လွတ်လပ်ရေးတပ်မတော်(KIA) က ယမန်နေ့ညပိုင်း၌ တိုက်ခိုက်သိမ်းပိုက်ပြီးနောက် စစ်ကောင်စီက လိုင်ဇာအနီးသို့ လေကြောင်းတိုက်ခိုက်မှု လုပ်ဆောင်ခဲ့ကြောင်း ကချင်စစ်ရေးသတင်းရင်းမြစ်က ပြောသည်။

“လိုင်ဇာမြို့အနီးတဝိုက် လေယာဉ်နဲ့ လာပစ်နေတယ်” ဟု သတင်းရင်းမြစ်က ယမန်နေ့(​မေ ၂၁)ည ၁၁နာရီခွဲတွင် အသိပေးပြောပြသည်။ လေကြောင်း တိုက်ခိုက်မှုကြောင့် ထိခိုက်မှုရှိမရှိ အခြေအနေကို မေးမြန်းနေဆဲဖြစ်သည်။

အခြားသတင်းရင်းမြစ်တစ်ဦးကလည်း မေလ ၂၁ရက် ည ၁၁နာရီ ၅၀ ခန့်တွင် လိုင်ဇာအနီး တပ်မဟာ(၅) သို့ လေကြောင်း ဗုံးကြဲတိုက်ခိုက်ခဲ့ကြောင်း၊ ၁၁နာရီ ၂၅ မိနစ်တွင်လည်း ဒုတိယ အကြိမ် ဗုံးကြဲတိုက်ခိုက်လာကြောင်း အသိပေးထားသည်။

ကချင်သတင်းဌာန Kachinwaves ၏ ဖော်ပြချက်တွင် စစ်ကောင်စီက ယမန်နေ့ညတွင် လေကြောင်းတိုက်ခိုက်မှု သုံးကြိမ်ပြုလုပ်ခဲ့ရာ တတိယ အကြိမ် ပစ်ခတ်မှုတွင် တရုတ် ပြည်ဘက်မှ အချက်ပြ မီးပွားပစ်ခတ်ခဲ့ကြောင်း ရုပ်သံ မှတ်တမ်းနှင့်အတူ ဖော်ပြသည်။

KIA နှင့် KPDF တို့က ခမရ(၃၂၁) အပါအဝင် ၀ိုင်းမော်မြို့နယ်ရှိ စစ်ကောင်စီတပ်စခန်းများကို မေလ ၁၈ရက်တွင် ထိုးစစ်ဆင်ခဲ့ရာ ၃၂၁ တပ်ရင်းကို လေးရက်ကြာ ထိုးစစ်ဆင်ခဲ့ပြီးနောက် မေလ ၂၁ရက် ညပိုင်း၌ သိမ်းပိုက်နိုင်ခဲ့ခြင်းဖြစ်သည်။

ခမရ (၃၂၁) အသိမ်းခံရပြီး​နောက် မြစ်ကြီးနားမြို့ရှိ ​မြောက်ပိုင်းတိုင်းစစ်ဌာနချုပ် (မပခ)အတွင်းမှ ​မေ ၂၁ ရက်ညပိုင်းတွင် အတွဲလိုက်ဒုံးများဖြင့် ရမ်းသန်းပစ်ခတ်မှုအကြိမ်များစွာ ပြုလုပ်ခဲ့ဟု စစ်ရေးသတင်းရင်းမြစ်အချို့က ​ပြောသည်။ ထိုသို့ လက်နက်ကြီး ပစ်ခတ်မှုများကို ဒေသခံများက ရုပ်သံမှတ်တမ်းနှင့်အတူ လူမှုကွန်ရက်၌ ဖော်ပြခဲ့ရာ တစ်ကြိမ်တည်း ပစ်ခတ်မှုအတွင်း၌ လက်နက်ကြီးကျည် အလုံး ၂၀ခန့် ရှိသည်ကို တွေ့ရသည်။ ​မေလ ၂၀ ရက်ညတွင်လည်း မပခ အတွင်းမှာ ဝိုင်း​မော်မြို့ ဘက်သို့ လက်နက်ကြီးများဖြင့်အကြိမ်​ရေ များစွာပစ်ခတ်ခဲ့ပြီး ​နောက် တစ်​​နေ့တွင် ခမရ (၃၂၁) ကို KIA ကသိမ်းပိုက်ခဲ့ခြင်းဖြစ်သည်။

ဝိုင်းမော်ကို KIA ထိုးစစ်ဆင်ချိန်မှစ၍ စစ်ကောင်စီက လက်နက်ကြီး များဖြင့် ရမ်းသန်း ပစ်ခတ်ခဲ့ရာ၀ိုင်းမော်မြို့နယ်ခတ်ချိုရွာမှ အရပ်သား ပြည်သူ ၁၀ ဦးခန့် သေဆုံးပြီး ၁၁ဦးထက်မနည်း ဒဏ်ရာရရှိခဲ့သည်။

စစ်ကောင်စီတပ်သည် မြစ်ကြီးနားရှိ မြောက်ပိုင်းတိုင်း စစ်ဌာနချုပ် တပ်ဝန်းအတွင်း နေရာ ၃ နေရာတွင် ၂၄၀မမ ဒုံးတင်ယာဉ် အသုံးပြုပြီး ၀ိုင်းမော်ဘက်သို့ လက်နက်ကြီးများပစ်ခတ်နေခြင်းဖြစ်သည်ဟု စစ်ရေးသတင်းရင်းမြစ်က အသိပေထားသည်။

“ပစ်တာက အဆက်မပြတ်ဆိုတော့ မြို့ကလူတွေ လန့်နိုး အကုန်လန့်ကုန်ကြတယ်။ ဝိုင်းမော်ဘက်ကို ပစ်တာ”ဟု မြစ်ကြီးနားမြို့ခံတစ်ဦးက ပြောသည်။

ရုပ်သံ – Padang Nsen


Comments

Leave a Reply

Your email address will not be published. Required fields are marked *