သေနတ်ငှားပြီးတိုက်တဲ့ တိုက်ပွဲမှာ စစ်သား ၂ ဦးသေပြီး သေနတ် ၂ လက်ရ

စစ်ကိုင်းတိုင်း၊ ချောင်းဦးမြို့နယ်မှာ စစ်ကောင်စီပိုင်ကြေးနီကားတွေကို ကင်းယူပြီးမိုင်းရှင်းပေးဖို့ထွက်လာတဲ့ စစ်ကောင်စီတပ်သားတွေ တိုက်ခိုက်ခံရပြီး ၂ ဦးသေဆုံးကာ သေနတ် ၂ လက်ရခဲ့တယ်လို့ BRAVE HEART ARMY-BHA အဖွဲ့ဆီက သိရပါတယ်။

မေ ၂၁ ရက်မနက် ၇ နာရီဝန်းကျင်မှာ ချောင်းဦးမြို့၊ မီးသတ်ရုံးကနေ မိုင်းရှင်းဖို့ထွက်လာတဲ့ စစ်ကောင်စီတပ်သား ၃ ဦးကို ဒေသခံကာကွယ်ရေးရဲဘော်တွေက ပစ်ခတ်ခဲ့ပြီး အပြန်လှန်ပစ်ခတ်မှုလည်း အနည်းငယ်လည်း ဖြစ်ခဲ့တယ်လို့ ဆိုပါတယ်။

“မီးသတ်ရုံးနဲ့ မီတာ ၆၀၀ အကွာလောက်မှာ တိုက်ပွဲဖြစ်ပွားတာပါ၊ လက်ဦးမှုကတော့ ကျနော်တို့ရတယ်။ ဒါပေမယ့် အခုသေသွားတဲ့ ၂ ယောက်ကလည်း ပြန်ပစ်တယ်၊ အပြန်အလှန်ပဲဗျ။”လို့ BRAVE HEART ARMY-BHA အဖွဲ့ရဲ့ တာဝန်ရှိသူတဦးက မြေလတ်အသံကို ပြောပါတယ်။

ပစ်ခတ်မှုအတွင်း စစ်ကောင်စီတပ်သား ၂ ဦးသေဆုံးကာ ၁ ဦးကတော့ လွတ်မြောက်သွားပြီး သေဆုံးတပ်သားတွေကိုင်ဆောင်တဲ့ MA 11 ၂ လက်၊ ကျည်ဘောက် ၃ခု၊ 5.56 ကျည် အတောင့် ၄၀၊ လက်ပစ်ဗုံး ၁ လုံး၊ ဖုန်း ၂ လုံး၊ ဦးထုပ် ၂ လုံးတို့ကို သိမ်းဆည်းနိုင်ခဲ့တယ်လို့ ဆိုပါတယ်။

ဒီတိုက်ခိုက်မှုကို BRAVE HEART ARMY-BHA အဖွဲ့ဝင်တွေက လုပ်ဆောင်ခဲ့တာဖြစ်ပြီး တိုက်ခိုက်ဖို့အတွက် လက်နက်မလုံလောက်တာကြောင့် MONYWA SPECIAL ဒိတ်ဒိတ်ကြဲအဖွဲ့နဲ့ Yourth Revolution Attack Force အဖွဲ့ဆီက လက်နက်တချို့ ငှားရမ်းခဲ့တယ်လို့ အထက်ပါတာဝန်ရှိသူက ပြောပါတယ်။

တိုက်ခိုက်မှုအပြီး နာရီဝက်အကြာမှာ စစ်ကောင်စီဘက်က သေဆုံးအလောင်းတွေကို လာကောက်သွားပြီး အနီးဝန်းကျင်ရှိ လက်ဖက်ရည်ဆိုင်တဆိုင်ကို မီးရှို့ဖျက်ဆီးသွားကာ ကျေးရွာတွေဘက်ကိုလည်း လက်နက်ကြီးနဲ့ ပစ်ခတ်ခဲ့တယ်လို့ ဆိုပါတယ်။

ပြီးခဲ့တဲ့ မေ ၇ ရက်ကလည်း မုံရွာမြို့၊ ဗောဓိတထောင် တာဝါတိုင်စခန်းကနေ ရေခပ်ဆင်းလာတဲ့ စစ်သား ၄ ဦးကို ဒေသခံကာကွယ်ရေးတပ်ဖွဲ့ဝင်တွေက တိုက်ခိုက်ခဲ့ရာ ၂ ဦးသေဆုံးပြီး G3 သေနတ် ၁ လက် ရရှိခဲ့တယ်လို့ ဆိုပါတယ်။

ပုံစာ – စစ်ကောင်စီတပ်သားများစီမှ သိမ်းဆည်းရခဲ့သည့် သေနတ်နှင့် ပစ္စည်းအချို့။

Leave a Comment

Your email address will not be published. Required fields are marked *

Scroll to Top