အခွန်ဝန်ထမ်းနှင့် လ၀က ဝန်ထမ်းများကို တော်လှန်ရေးတပ်က ဝင်ရောက် ဖမ်းဆီးစဉ် စစ်တပ်နှင့်ပစ်ခတ်မှုဖြစ်

စစ်ကိုင်းမြို့ပေါ် Non-CDM အခွန်ဝန်ထမ်းနှင့် လ၀က ဝန်ထမ်းများကို တော်လှန်ရေးတပ်က ဝင်ရောက် ဖမ်းဆီးစဉ် စစ်တပ်နှင့်ပစ်ခတ်မှုဖြစ်ပြီး အခွန်ဒုဦးစီးမှူး၊ လ၀က ဝန်ထမ်း၊ PDF ၁ ဦး အပါအဝင် ၅ ဦး သေဆုံး

စစ်ကိုင်းတိုင်း၊ စစ်ကိုင်းမြို့ပေါ် ပါရမီရပ်ကွက်ရှိ အခွန်ဦးစီးရုံးမှ Non-CDM ဝန်ထမ်းများနှင့် လ၀က ဝန်ထမ်းများကို တော်လှန်ရေးတပ်တစ်ခုက ဝင်ရောက်ဖမ်းဆီးစဉ် စစ်တပ်နှင့် ပစ်ခတ်မှုဖြစ်ပြီး အခွန်ဒုဦးစီးမှူး၊ လ၀ကဝန်ထမ်းများ၊ PDF ၁ ဦး အပါအဝင် စုစုပေါင်း ၅ ဦးသေဆုံးကြောင်း စစ်ကိုင်းမြို့နယ် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ မှ တာဝန်ရှိသူတစ်ဦးက ပြောဆိုသည်။

မေလ ၂၁ ရက်နေ့ ညနေ ၄ နာရီကျော်ဝန်းကျင်အချိန် စစ်ကိုင်းမြို့ပေါ်ရှိ Non-CDM အခွန်ဝန်ထမ်းများနှင့် လ၀က ဝန်ထမ်းများကို တောတွင်း တွတ်ပီ (LPDF) တပ်ဖွဲ့က ဝင်ရောက် ဖမ်းဆီးကြောင်း၊ ထို့နောက် ဝန်ထမ်းများကို ခေါ်ဆောင်ပြီး ပြန်အထွက်တွင် စစ်တပ်နှင့် တိုးပြီး ပစ်ခတ်မှုဖြစ်ပွားကြောင်း၊ စစ်တပ်၏ ပစ်ခတ်မှုကြောင့် Non-CDM အခွန်ဒုဦးစီးမှူး ၊ လ၀က ဝန်ထမ်းများ၊ PDF ၁ ဦး စုစုပေါင်း ၅ ဦးသေဆုံးခဲ့ကြောင်း သိရှိရသည်။

“မနေ့က ပစ်ခတ်မှုမှာ တော်လှန်ရေး တောတွင်း တွတ်ပီ LPDF ရဲဘော် တစ်ဦး ကျတယ်။ အူဇီ တစ်လက်၊ ဂလော့အတို တစ်လက် ကျန်ခဲ့တယ်။ Non-CDM တွေကို ဖမ်းပြီး ပြန်အထွက်မှာ စစ်ခွေးကလိုက်ပစ်တာ။ စုစုပေါင်း ၅ ဦးသေတယ်။ စစ်တပ်က ပစ်တာ။ အခွန်ဒုဦးစီး နဲ့ မိသားစု‌၀င်တွေလည်း သေတယ်။ လ၀က ဝန်ထမ်းတွေလည်းသေတယ်” ဟု စစ်ကိုင်းတိုင်းပြည်သူ့ကာကွယ်ရေးတပ်မတော်မှ တာဝန်ရှိသူတစ်ဦးက ဆိုသည်။

စစ်ကောင်စီလော်ဘီများနှင့် စစ်တပ်ထောက်ခံသော တယ်လီဂရမ် ချန်နယ်များက ယင်းသတင်းကို ဖော်ပြရာတွင် စစ်တပ်၏ ပစ်ခတ်မှုကြောင့် အခွန်ဝန်ထမ်းနှင့်လ၀က ဝန်ထမ်းများ သေဆုံးသည့်သတင်းကို မဖော်ပြဘဲ သေဆုံးသူအားလုံးသည် PDF များဖြစ်၍ ပစ်ခတ်ခံရပြီးသေဆုံးသည့် ပုံစံဖြင့် သတင်းများ ဖော်ပြထားသည်။


Comments

Leave a Reply

Your email address will not be published. Required fields are marked *