စလင်းမြို့နယ်၊ လင်းဇင်း ရဲစခန်းနှင့် စစ်ကူလာသော စစ်သားများကို တိုက်ခိုက်မှု စစ်တပ်ဘက်မှ ၁၇ ဦး သေဆုံး (ရုပ်/သံ)

မကွေးတိုင်း၊ စလင်းမြို့နယ်၊ လင်းဇင်းရဲစခန်းနှင့် စစ်ကူလာသော စစ်သားများကို တိုက်ခိုက်မှု စစ်တပ်ဘက်မှ ၁၇ ဦး သေဆုံးခဲ့ကြောင်း Midland Dolphins Column အဖွဲ့မှ စစ်ကြောင်းမှူးကပြောဆိုသည်။

မေလ ၁၈ ရက်နေ့ နံနက် ၅ နာရီခန့်တွင် စလင်းမြို့နယ်၊ လင်းဇင်းရဲစခန်းကို တော်လှန်ရေး တပ်ဖွဲ့များက RPG ၊ လက်နက်ငယ်များဖြင့် စတင် တိုက်ခိုက်ပြီး အပြန်အလှန် တိုက်ပွဲဖြစ်ပွားမှု ၂ နာရီခန့်ကြာမြင့်ခဲ့ပြီး စစ်ကောင်စီတပ်သား ၁၁ ဦးသေဆုံးကာ ရဲစခန်းအတွင်းရှိ ဘန်ကာ ၃ ခုကို တိုက်ခိုက်သိမ်းပိုက်နိုင်ခဲ့သော်လည်း ကျည်အင်အား မလုံလောက်မှုနှင့် စစ်ကူ အင်အား အဆမတန်ရောက်ရှိလာသောကြောင့် ပြန်လည်ဆုတ်ခွာခဲ့ရကြောင်းသိရသည်။

လင်းဇင်းရဲစခန်း တိုက်ခိုက်ခံရချိန်တွင် စစ်ကူလာသည့် အကြမ်းဖက် စစ်ကောင်စီ တပ်သားများကို တော်လှန်ရေး တပ်ဖွဲ့များက ကြားဖြတ် တိုက်ခိုက်ရာ စစ်ကောင်စီ တပ်သား ၆ ဦးသေဆုံးခဲ့ကြောင်းသိရသည်။

“အတွင်းသတင်းပေးများအရ စခန်းထဲက စစ်ခွေး အလောင်း ၁၁ လောင်းနဲ့ စစ်ကူလာတဲ့ စစ်ခွေးတွေထဲက ၆ ကောင် သေတယ်လို့ သိရတယ်။ ကျွန်ုပ်တို့ဘက်က ရဲဘော် ၂ ဦး ထိခိုက် ဒဏ်ရာရရှိတယ်” ဟု Midland Dolphins Column အဖွဲ့မှ စစ်ကြောင်းမှူးက ပြောဆိုသည်။

အဆိုပါ တိုက်ခိုက်မှုကို Midland Dolphins Column-MLDC (မြေလတ်လင်းပိုင်စစ်ကြောင်း) ၊ SLN-LPDF ၊ Generation-Z Army ၊ ဒေါင်းစစ်အောင် ၊ မိုးကြိုးပြောက်ကျားတပ်ဖွဲ့၊ စလင်း ပကဖ ၊ မင်းဘူးခရိုင်တပ်ရင်း ၁ ၊ ၄ ၊ ၅ တို့မှ ပူးပေါင်း လုပ်ဆောင်ခဲ့ကြောင်း သိရသည်။


Comments

Leave a Reply

Your email address will not be published. Required fields are marked *