“KIAတွေက မြို့ထဲကိုမဝင်ဘူး။ ရဲစခန်းဝင်လုံးရင် ကြာလှ နာရီဝက်ပဲ။ ဒါပေမဲ့မြို့နာမှာစိုးလို့ မြို့နားကိုမကပ်ဘူး။ ကျနော်တို့ကြောက်ရတာက စစ်တပ်ကသူတို့စခန်းတွေမရှိတော့ရင် မြို့ကိုဖျက်ဆီးပစ်မှာကိုပဲ”-ဒေသခံတစ်ဦး
စစ်ဘေးရှောင်ပြည်သူအများစုမြစ်ကြီးနားသို့တိမ်းရှောင်
ခလရ (၅၈)ရှေ့လမ်းနှင့် ဗန်မော်ဘက်အထွက်လမ်းကို စစ်ကောင်စီတပ်ပိတ်ဆို့
ဝိုင်းမော်မြို့၌ တပ်ရင်းတစ်ခုသာ ထိန်းချုပ်ထားနိုင်တော့သည့် စစ်ကောင်စီ အန္တရာယ်ကြောင့် ဝိုင်းမော်ဒေသခံပြည်သူအများအပြားဘေးလွတ်ရာသို့တိမ်းရှောင်နေကြသည်။
“ဒီနေ့မနက် ပစ်ခတ်သံတွေမကြားရဘူး။ ဒါပေမဲ့ မြို့ခံတွေကတော့မနေရဲလို့ရှောင်နေကြတယ်။ အချိန်မှီလည်းရှောင်သင့်တယ်။ စစ်တပ်ကမြို့အထွက်တွေကိုလိုက်ပိတ်နေတယ်။ အချိန်ရတုန်းမှာ ရှောင်ထားသင့်ပါတယ်။ တိုက်ပွဲကဖြစ်မှာလို့ ကျနော်တို့နားလည်ထားတယ်”ဟု ဝိုင်းမော်မြို့ခံတစ်ဦးကပြောသည်။
ဝိုင်းမော်မြို့ရှိ စစ်ကောင်စီစခန်းများကို တိုက်ခိုက်နေသည့် ကချင်လွတ်လပ်ရေးတပ်မတော်(KIA)နှင့် PDF ပူးပေါင်းတပ်ဖွဲ့များက ယမန်နေ့(မေလ ၂၁ရက်) ညတွင် အမှတ် ၃၂၁ ခြေမြန်တပ်ရင်း (ခမရ-၃၂၁)ကို ထပ်မံသိမ်းပိုက်ခဲ့သည်။KIA သည် ဝိုင်းမော်မြို့နယ် ရွှေညောင်ပင်၊ ဝ ထောင်ဘွမ်၊ ကဇူး၊ ဂါးရာယာန်၊ ဒဘတ် ရွာတို့မှစခန်းများအပါအဝင် စစ်ကောင်စီရှေ့တန်းစခန်းများကိုလည်း သိမ်းယူထားပြီး ယခုအခါ ဝိုင်းမော် – ကန်ပိုင်တီလမ်းကြောင်းပေါ်မှ
အမှတ် ၅၈ ခြေလျင်တပ်ရင်း( ခလရ-၅၈)သာ ကျန်တော့သည်။
ထိုအခြေအနေတွင် စစ်ကောင်စီက မြို့ကိုလေကြောင်းနှင့်လက်နက်ကြီးအသုံးပြုတိုက်ခိုက်အကြမ်းဖက်နိုင်သောကြောင့် ဒေသခံပြည်သူများ မြို့ကို စွန့်ခွာထွက်ပြေးနေကြခြင်းဖြစ်သည်။စစ်ကောင်စီတပ်က မေ ၂၂ ရက်က အတွဲလိုက်ဒုန်းများဖြင့် ဝိုင်းမော်မြို့ကို ပြင်းပြင်းထန်ထန်ပစ်ခတ်ခဲ့သည်။ သို့သော် အရပ်သားထိခိုက်မှုသတင်းမကြားရကြောင်း မြို့ခံများကပြောသည်။ မေလ ၁၉ရက်နှင့် မေလ ၂၁ရက်က လက်နက်ကြီးပစ်ခတ်မှုတွင် အရပ်သားခြောက်ဦးသေဆုံးပြီး ၂၀ဦးခန့်ဒဏ်ရာရခဲ့ကြောင်း သတင်းရရှိသည်။
စစ်ကောင်စီတပ်ကခမရ (၃၂၁) မှ ဆုတ်ခွာခဲ့ရပြီး ခလရ(၅၈)ကို ခံစစ်ပြင်ဆင်ထားကြောင်း စစ်ကောင်စီဝါဒဖြန့် တယ်လီဂရန်ချန်နယ်များက ရေးသားနေကြသည်။
“အခုက မြစ်ကြီးနားအဝင် မလမင်းထင်တံတားကိုမပိတ်သေးပေမယ့် ဗန်းမော်ဘက်ကိုအထွက်လမ်းတွေ၊ခလရ(၅၈)ကို ဖြတ်သွားတဲ့လမ်းတွေကို စစ်တပ်ကပိတ်ထားတယ်။ ထွက်လို့ရတုန်းမှာထွက်ထားဖို့လိုတယ်။ သူတို့(စစ်ကောင်စီ)ကလူသားတံတိုင်းအနေနဲ့ အသုံးချမှာစိတ်ပူရတယ်” ဟု မြစ်ကြီးနားမြို့သို့ရောက်ရှိနေသည့် စစ်ဘေးရှောင်တဦးကသူ့အမြင်ကိုပြောသည်။
ယခုအခါ ဝိုင်းမော်မြို့မှ ဒေသခံအများအပြားသည် စစ်ဘေးတိမ်းရှောင်ရန် မြစ်ကြီးနားမြို့၌ ရောက်ရှိနေကြသည်။ စစ်ဘေးရှောင်စခန်း သီးခြားမဖွင့်လှစ်သေးသော်လည်း ဘုန်းကြီးကျောင်းများနှင့် ဘာသာရေးအဆောက်အအုံများ၊ ဆွေမျိုးများနေအိမ်၌ နေရာချထားကြောင်း ကူညီကယ်ဆယ်ရေးလုပ်ဆောင်နေသူများကပြောသည်။
“ဆွေမျိုးတွေအိမ်မှာနေကြတယ်။ ခြံလွတ်တွေထဲမှာလည်း ယာယီတဲတွေနဲ့နေကြတယ်။ မြို့ခံတွေက ဝိုင်းဝန်းကူညီကြဖို့ အချင်းချင်းလည်း ဆော်သြနေကြပါတယ်” ဟု မြစ်ကြီးနားမြို့ခံတစ်ဦးကပြောသည်။
လတ်တလောစစ်ဘေးရှောင်နေရသည့်အရေအတွက်ကိုမသိရှိရသေးသော်လည်း အနည်းဆုံး ငါးသောင်းထက်မနည်းရှိနိုင်သည်ဟု ဝိုင်း မော်မြို့ခံတဦးကပြောသည်။
လက်တလော၌ စစ်ဘေးရှောင်များအတွက်အလိုအပ်ဆုံးမှာ ယာယီတဲများထိုးရန် မိုးကာစဖြစ်ကြောင်း မြစ်ကြီးနားမြို့ခံတစ်ဦးကပြောသည်။ လက်ရှိကြုံနေကြရသည့်အခက်အခဲကို ဒေသအနှံ့မှပြည်သူအချင်းချင်း ဝိုင်းဝန်းကူညီကြရန်လည်း စစ်ဘေးရှောင်များနှင့်ဒေသခံများကတောင်းဆိုသည်။
ဝိုင်းမော်မြို့ခံတစ်ဦးက “KIAတွေက မြို့ထဲကိုမဝင်ဘူး။ ရဲစခန်းဝင်လုံးရင် ကြာလှ နာရီဝက်ပဲ။ ဒါပေမဲ့မြို့နာမှာစိုးလို့ မြို့နားကိုမကပ်ဘူး။ ကျနော်တို့ကြောက်ရတာက စစ်တပ်ကသူတို့စခန်းတွေမရှိတော့ရင် မြို့ကိုဖျက်ဆီးပစ်မှာကိုပဲ” ဟု ပြောသည်။
(ဝိုင်းမော်မြို့မှ မြစ်ကြီးနားမြို့သို့ထွက်ပြေးတိမ်းရှောင်နေသောပြည်သူများနှင့် ဘေးလွတ်မည်ထင်မည့်နေရာသို့ထွက်ပြေးတိမ်းရှောင်နေသောဝိုင်းမော်မြို့မှပြည်သူများ။ဓါတ်ပုံ-CJ)
Leave a Reply