တွန်းဇံမြို့သိမ်း တိုက်ပွဲ စစ်အုပ်စု အလောင်း(၂၀)ကျော်၊ လက်နက်(၅၀)နဲ့ ငွေကျပ်သိန်း(၃၀၀၀) ရ

တွန်းဇံမြို့ကို မေ(၂၁)ရက်မှာ သိမ်းပိုက်နိုင်ခဲ့ကာ ထွက်ပြေးတဲ့ စစ်အုပ်စုကို လိုက်ချေမှုန်းနေ၊

စစ်အုပ်စုက အဆက်မပြတ် လေကြောင်းဗုံးကြဲနေလို့ ပြည်သူတွေ မြို့လုံးကျွတ်နီးပါး ထွက်ပြေးနေရ၊

မြန်မာ-အိန္ဒိယ နယ်စပ်မြို့ ဖြစ်တဲ့ ချင်းပြည်နယ် တွန်းဇံမြို့ကို ချင်းတော်လှန်ရေး တပ်တွေက တိုက်ခိုက်သိမ်းပိုက်ခဲ့ရာ စစ်အုပ်စု အလောင်း(၂၁)လောင်း၊ လက်နက် (၅၀)နဲ့ ငွေကျပ်သိန်း(၃၀၀၀)ကျော် သိမ်းဆည်း ရရှိတယ်လို့ ဒေသခံ စစ်ရေးသတင်းရင်းမြစ်တွေက ပြောပါတယ်။

“ရန်သူ့အလောင်း (၂၁)လောင်း၊ သေနတ်အလက်(၅၀)နဲ့ ငွေသား ကျပ်သိန်း (၃၀၀၀)ရရှိ” လို့ ဒေသခံ တင်းရင်းမြစ်က ဆိုပါတယ်။

တွန်းဇံမြို့ကို ချင်းတော်လှန်ရေးတပ်တွေက မေ(၁၅)ရက်က စတင်ပြီး ထိုးစစ်ဆင် တိုက်ခိုက်ခဲ့ရာ ခြောက်ရက်အကြာ မေ(၂၁)ရက်မှာ မြို့ကို သိမ်းပိုက် ထားနိုင်ပြီလို့ ချင်းအမျိုးသားတပ်ဦး – CNF ပြောရေးဆိုခွင့် ရှိသူ ဆလိုင်းထက်နီက မေ(၂၁)ရက်မှာပြောပါတယ်။

ချင်းတော်လှန်ရေးတပ်တွေက မေ(၁၅)ရက်က စတင်ပြီး တွန်းဇံနဲ့ ကျီခါးမြို့ကို မြို့သိမ်း၊စခန်းသိမ်း တိုက်ပွဲ ဆင်နွဲခဲ့တာ ဖြစ်ပြီး ကျီခါးမြို့ကို မေ(၂၀)ရက် သိမ်းပိုက်နိုင်ခဲ့ကာ တွန်းဇံမြို့ကိုတော့ မေ(၂၁)ရက်မှာ သိမ်းပိုက် နိုင်တာလို့ ဆိုပါတယ်။

တွန်းဇံမြို့ ရဲစခန်းနဲ့ စစ်စခန်းတွေကို မေ(၂၀)ရက် ကတည်းက သိမ်းပိုက်နိုင်ပေမယ့် စစ်အုပ်စုက မြို့ပေါ် ထွက်ပြေးပြီး အဆောက်အဦးတွေမှာ ခိုအောင်းကာ ပြန်လည် ခုခံပစ်ခတ်နေလို့ တိုက်ပွဲတွေ ဆက်ဖြစ်ခဲ့သလို မေ(၂၁)ရက်မှာ စစ်အုပ်စုက တွန်းဇံမြို့ထဲက မြို့ပြင်ကို ထပ်မံ ထွက်ပြေးသွားတယ်လို့ CNF ပြောရေးဆိုခွင့်ရှိသူ ဆလိုင်းထက်နီက ပြောပါတယ်။

“အခုကတော့ မြို့ထဲမှာ စစ်ကောင်စီတပ်တွေ မရှိတော့တဲ့ သလောက်ပဲ။ ဒါပေမယ့် မြိုပြင်ကို ရောက်ပြီး ရိပ်သာတစ်ခု ရောက်ပြီး ပြန်ပြီးတော့ ခိုနေတယ်။ အဲ့ဒါကို ပြန်ပြီးတော့ ချေမှုန်ရေး လုပ်နေတယ်။ ဂျက်ဖိုက်တာ နှစ်စင်းနဲ အဆက်မပြတ် လာနေတယ်။ တွန်းဇံမြို့က စိတ်ချရတဲ့ အနေအထားတော့ မရောက်သေးဘူး”

တွန်းဇံမြို့ ရဲစခန်းနဲ့ တပ်စခန်းတွေက ထွက်ပြေးတဲ့ စစ်အုပ်စုဟာ မြို့ပြင်က ရိပ်သာတစ်ခုမှာ ခိုအောင်းပြီး ပြန်လည် တုန့်ပြန် ပစ်ခတ်မှု ရှိနေသေးသလို လေကြောင်း ပစ်ကူအနေနဲ့ ဂျက်ဖိုက်တာ (တိုက်လေယာဉ်) နှစ်စီးနဲ့ လှည်လည်ကာ အဆက်မပြတ် ဗုံးကြဲနေတယ်လို့ ဆလိုင်းထက်နီက ပြောပါတယ်။

“အခု သူတိုကတော့ နောက်တန်းကနေ စစ်ကူတွေ ပို့နိုင်မလား။ နောက်ပြီးတော့ လေကြောင်းကနေ စစ်ကူတွေ ပို့နိုင်မလားဆိုတဲ့ အဲ့ဒီကနေ တောင့်ခံနေတယ်။ ဘာလို့ဆိုတော့ ကျနော်တို့က ဝိုင်းပြီးတော့ ပတ်ထားတယ်။ ပြီးတော့ သူတို့ ဝင်လမ်း၊ ဆုတ်လမ်းတွေ ပိတ်ထားတာ ဆိုတော့ အဓိကတော့ လေကြောင်းအကူ၊ စစ်ကူတွေကို အားကိုးပြီး တောင့်ခံထားတာ ဖြစ်နိုင်ပါတယ်”

ခြောက်ရက်ကြာ တွန်းဇံမြို့သိမ်း တိုက်ပွဲအတွင်း စစ်အုပ်စု အလောင်း(၂၀)ခန့်နဲ့ လက်နက်ခဲယမ်းတချို့ သိမ်းဆည်း ရရှိထားပြီး တော်လှန်ရေး ရဲဘော်လေးဦး ကျဆုံးကာ (၁၀)ဦးခန့် ထိခိုက်ဒဏ်ရာ ရတယ်လို့ မြေပြင် တိုက်ပွဲဝင် ရဲ‌ဘော်တွေက ပြောပါတယ်။

လက်ရှိမှာတော့ တွန်းဇံမြို့ကို စစ်အုပ်စုက ဗုံးကြဲဖျက်ဆီးနေလို့ တွန်းဇံ မြို့လုံးကျွတ်နီးပါးနဲ့ တွန်းဇံမြို့ပတ်လည် ကျေးရွာ(၃၀)ကျော်က ပြည်သူ သောင်းနဲ့ချီကာ ဘေးလွတ်ရာ ထွက်ပြေး နေရတယ်လို့ ဒေသခံတစ်ဦးက ပြောပါတယ်။

“တွန်းဇံမှာတော့ ရပ်ကွက်နှစ်ခု ရှိတယ်။ တစ်ခုကတော့ khavong leisan၊ နောက်တစ်ခုကတော့ khualai gozang လို့ ခေါ်တယ်။ (ထွက်ပြေးနေရတဲ့) ကျေးရွာပေါင်း (၃၀)ကျော်မှာ။ ကျီခါးကတော့ အိမ်ခြေ(၃၀၀) ကျော်ကျော်လောက် ရှိမှာ။ ထွက်ပြေးတဲ့ ရွာနာမည် တချို့ကတော့ တွီးတူမ်းရယ်။ နတ်ဆန်ရယ်၊ လုံတတ်ရယ်၊ ဖိုင်တူရယ်။ တွန်းဇံမှာလည်း (၁၀၀)မှာ (၉၆)ရာခိုင်နှုန်းက မရှိတော့ဘူး”

လက်ရှိမှာ စစ်အုပ်စုက တွန်းဇံမြို့ကို လေကြောင်းဗုံးကြဲသလို လေကြောင်းကနေ စစ်ကူအင်အားဖြည့်ပြီး တော်လှန်ရေးတပ်တွေကို တုန့်ပြန်တိုက်ခိုက်နေဆဲလို့ ဒေသခံတွေက ပြောပါတယ်။

လေကြောင်းနဲ့ စစ်ကူအင်အားဖြည့်လာတဲ့ စစ်အုပ်စုက မနေ့က မေ(၂၂)ရက်မှာ ဒေသခံ စစ်ရှောင်ပြည်သူတချို့ကို လမ်းပြအဖြစ် ဖမ်းဆီးခေါ်ဆောင်တာ ရှိပြီး ဒီနေ့ မေ(၂၃)ရက်မှာတော့ ဖမ်းဆီးထားသူတွေကို ပြန်လွှတ် ပေးတယ်လို့ တွန်းဇံမြို့နယ် ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့က ထုတ်ပြန်ပါတယ်။

ချင်းတော်လှန်ရေး တပ်တွေ အနေနဲ့ ကျီခါးမြိုကို သိမ်းပိုက်စဉ်ကလည်း စစ်အုပ်စု အလောင်း (၁၀)လောင်းခန့်၊ ရဲနှစ်ယောက် အပါအဝင် စစ်အုပ်စုလက်အောက်ခံ ZRA တစ်ဦး၊ စုစုပေါင်း သုံးယောက် အရှင်လက်ရ ဖမ်းဆီးရရှိတယ်လို့ CNF ပြောရေးဆိုခွင့်ရှိသူ ဆလိုင်းထက်နီက MFP မေးမြန်းမှုကို ဖြေဆိုထားပါတယ်။

ချင်းပြည်နယ်မှာ မြို့တော်ဟားခါး အပါအဝင် ထန်တလန်၊ ဖလမ်း၊ တီးတိန်၊ တွန်းဇံ၊ မင်းတပ်၊ ကန်ပက်လက်၊ မတူပီနဲ့ ပလက်ဝမြို့နယ်၊ စုစုပေါင်း ကိုးမြို့နယ် ရှိပြီး အဲ့ဒီထဲက တွန်းဇံ၊ ထန်တလန်နဲ့ ပလက်ဝ မြို့သုံးမြို့ကို ချင်းတော်လှန်ရေး တပ်တွေနဲ့ အာရက္ခတပ်တော် (AA)တို့က တိုက်ခိုက် သိမ်းပိုက်ထားပြီး ဖြစ်ပါတယ်။

မြန်မာ – အိန္ဒိယ နယ်စပ်မြို့ ဖြစ်တဲ့ တွန်းဇံမြို့ကို ချင်းတော်လှန်ရေးတပ်တွေက သိမ်းပိုက်စဉ်/Photo – CJ


Comments

Leave a Reply

Your email address will not be published. Required fields are marked *