မောင်တောမြို့နယ်၊ ၄ မိုင်တပ်စခန်းကို AA က သိမ်းပိုက်ဟုဆို

မောင်တော၊ ၄ မိုင်တပ်စခန်းကို AA သိမ်းလိုက်ပြီဟု သိရှိရပြီး လက်နက်သိမ်းဆည်းရရှိသော ဗီဒီယို ပြန့်နှံ့နေ

ရခိုင်ပြည် မောင်တောမြို့နယ် ၄ မိုင်ရှိ စစ်ကောင်စီ တပ်စခန်းကို ယမန်နေ့ မေလ ၂၂ ရက် ညနေတွင် အာရက္ခတပ်တော် AA က သိမ်းပိုက်လိုက်ပြီဟု စစ်ရေးအခြေအနေသိသော ဒေသခံများက ပြောသည်။

မောင်တော ၄ မိုင်တပ်စခန်းသည် စစ်ကောင်စီ နခခ (၂) ဌာနချုပ်ဖြစ်ပြီး ဘူးသီးတောင်မြို့ကို သိမ်းပိုက်ပြီးနောက် မောင်တောမြို့ကို သိမ်းပိုက်နိုင်ရန် ထိုးစစ်အရှိန်မြှင့်ရာတွင် AA က သိမ်းပိုက်ခဲ့ခြင်းဖြစ်သည်။

စစ်ရေးအခြေအနေသိသူက “ဘူးသီးတောင်ကို သိမ်းပြီးနောက် AA က မောင်တောမြို့ကို ထိုးစစ်အရှိန်မြှင့်ခဲ့တယ်။ မောင်တောမှာ တိုက်ပွဲက အရမ်းပြင်းထန်နေတယ်။ ၄ မိုင်တပ်စခန်းကို မနေ့ညနေက AA က သိမ်းလိုက်ပြီလို့ သိရတယ်။ ဒါပေမယ့် AA က ထုတ်ပြန်မှ အတည်ပြုနိုင်မယ်။” ဟု ပြောသည်။

မောင်တောစစ်ရေးအခြေအနေသိသူများက မောင်တော ၄ မိုင်တပ်စခန်းကို AA သိမ်းပိုက်လိုက်ပြီဟု ပြောသော်လည်း အာရက္ခတပ်တော် AA က ထုတ်ပြန်မှသာလျှင် အတည်ပြုနိုင်မည်ဖြစ်သည်။

မောင်တော ၄ မိုင် စစ်ကောင်စီတပ်စခန်းက AA သိမ်းဆည်းရမိသော လက်နက်များဟု ဗီဒီယိုဖိုင်လည်း လူမှုကွန်ရက်စာမျက်နှာများတွင် ပျံ့နှံ့နေသည်။

မောင်တောမြို့နယ် တောင်ပြိုမြို့နှင့် တပ်စခန်း အပါအဝင် ဌာနချုပ်အချို့ကို AA က ပြီးခဲ့သည့် လများကစ၍ သိမ်းထားပိုက်ပြီး မောရတီဗျူဟာကုန်း၊ မြို့သူကြီး နခခ (၅) ရဲတပ်ရင်း၊ အလယ်သံကျော်စစ်စခန်း၊ အင်းဒင် နခခ (၆)၊ မြင်းလွှတ် နခခ (၉) နှင့် ၄ မိုင် နခခ (၂) ဌာနချုပ် တို့ ကျန်နေသေးခြင်းဖြစ်သည်။ ယင်းအထဲက ၄ မိုင် နခခ (၂) ဌာနချုပ်ကို AA က သိမ်းပိုက်လိုက်ခြင်းဖြစ်သည်။


Comments

Leave a Reply

Your email address will not be published. Required fields are marked *