လေဖိအားနည်းရပ်ဝန်း ပိုအားကောင်းလာပြီး ဆိုင်ကလုန်းမုန်တိုင်းဖြစ်လာနိုင်

မေလ ၂၆ ရက်တွင်မြန်မာနှင့်ဘင်္ဂလားဒေ့ရှ် နယ်စပ်ကမ်းခြေကို ဖြတ်ကျော်နိုင်၍ မောင်တောနှင့် စစ်တွေခရိုင်ကမ်းရိုးတန်း မုန်တိုင်းဒီရေ သတိပေး

ဘင်္ဂလားပင်လယ်​အော်ကိုတွင်ဖြစ်ပေါ်နေသည့် လေဖိအားနည်းရပ်ဝန်းသည် မေလ (၂၆)ရက်တွင် ဆိုင်ကလုန်းမုန်တိုင်းအဆင့်ဖြင့် မြန်မာ-ဘင်္ဂလားဒေ့ရှ် နယ်စပ်ကမ်းခြေကို ဖြတ်ကျော်နိုင်ကြောင်း အမျိုးသားညီညွတ်ရေးအစိုးရ၊လူသားချင်းစာနာထောက်ထားရေးနှင့်ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲရေးဝန်ကြီးဌာန(MOHADM)က ထုတ်ပြန်ထားသည်။

မေလ ၂၃ ရက် ခန့်မှန်းချက်အခြေအနေကို ထုတ်ပြန်ထားခြင်းဖြစ်ပြီး ရခိုင်ပြည်နယ် မောင်တော နှင့် စစ်တွေခရိုင်ကမ်းရိုးတန်းနေပြည်သူများ မုန်တိုင်းဒီရေကို သတိပြုရှောင်ရှားနိုင်ကြရန်လည်း ကြိုတင်သတိပေးထားသည်။

လေဖိအားနည်းရပ်ဝန်းသည် ​မေ ၂၃ ရက်မှ စတင်ဖြစ်ပေါ်ခဲ့ပြီး မနက်ဖြန် (မေလ ၂၄ ရက်)တွင် မုန်တိုင်းငယ်ဖြစ်လာနိုင်သည်ဟုခန့်မှန်းထားသည်။

မေလ (၂၄)ရက် ညနေမှစ၍ မုတ္တမကွေ့၊ မြစ်ဝကျွန်းပေါ် ကမ်းရိုးတန်း တစ်လျှောက်နှင့် ကမ်းလွန်ပင်လယ်ပြင်တို့တွင် လေတိုက်နှုန်း တစ်နာရီလျှင် မိုင် ၄၀ ခန့် တိုက်ခတ်နိင်ကြောင်း၊ မေလ (၂၆)ရက် တွင် ပိုမိုအားကောင်းလာပြီး ဆိုင်ကလုန်းမုန်တိုင်းအဆင့်ဖြင့် မြန်မာနှင့်ဘင်္ဂလားဒေ့ရှ် နယ်စပ်ကမ်းခြေကို ဖြတ်ကျော်နိုင်ကြောင်း MOHADMက သတိပေးထားသည်။

ရခိုင်ကမ်းရိုးတန်းတွင် မုန်တိုင်းဒီရေ ၁၄ ပေ မှ ၁၆ ပေခန့်အထိ မြင့်တက်နိုင်ပြီး မောင်တောနှင့် စစ်တွေခရိုင်ကမ်းရိုးတန်းတွင်နေပြည်သူများမုန်တိုင်းဒီရေကိုသတိပြုရှောင်ရှားနိုင်ကြရန် သတိပေးထားသည်။

မေလ (၂၇)ရက်တွင် မုန်တိုင်းကုန်းတွင်းသို့ ဝင်ရောက်ပျက်ပြယ် သွားနိုင်ကြောင်းနှင့် ယနေ့မှစ၍ မေလ ၂၇ရက်အတွင်း မုန်တိုင်းလမ်းကြောင်းပြောင်းလဲမှုအခြေအနေကို ထပ်မံထုတ်ပြန်မည်ဟုလည်း ဆိုသည်။

အိန္ဒိယမိုးလေဝသဌာနကလည်း အဆိုပါလေဖိအားနည်းရပ်ဝန်းသည် မုန်တိုင်းငယ်ဖြစ်လာနိုင်ကြောင်း ထုတ်ပြန်ထားသည်။

မုန်တိုင်းသည် မြန်မာနိုင်ငံသို့တိုက်ရိုက်မဝင်နိုင်သော်လည်း ဒေသများစု မိုးကောင်းတာကြောင်း မိုးလေဝသလေ့လာသူများက ပြောသည်။

(ဘင်္ဂလားပင်လယ်​အော် နှင့် အိန္ဒိယသမုဒ္ဒရာတွင်လေဖိအားနည်းရပ်ဝန်းကို Wunderground ၌​တွေ့ရစဥ်)

လေဖိအားနည်းရပ်ဝန်းဟာ ၂ ရက်အတွင်း မုန်တိုင်းဖြစ်နိုင်ပြီး မကွေးနဲ့ ပဲခူးတို့မှာ လေပြင်းတိုက်ပြီး မိုးကြီးနိုင်

ဘင်္ဂလားပင်လယ်အော်မှာ ဖြစ်ပေါ်နေတဲ့ လေဖိအားနည်းရပ်ဝန်းဟာ ပိုမိုအားကောင်းကာ မုန်တိုင်းငယ်အဖြစ်ကို ရောက်ရှိနိုင်ကြောင်း မေ ၂၂ ရက် ဒီနေ့ ညနေ ၃ နာရီခွဲအချိန် တိုင်းတာချက်အရသိရတယ်လို့ စစ်ကောင်စီလက်အောက်ခံ မိုးလေဝသနဲ့ ဇလဗေဒဌာနက ခန့်မှန်းထုတ်ပြန်ထားပါတယ်။

အဲဒီ မုန်တိုင်းဟာ မေ ၂၄ ရက်မှာ ဖြစ်ပေါ်နိုင်ပြီး အရှေ့မြောက်ဘက်ကို ဆက်လက်ရွေ့ကာ ဆိုင်ကလုံးမုန်တိုင်းအဖြစ် အားကောင်းလာနိုင်ပြီး မကွေး၊ ပဲခူးအပါအဝင် ပြည်နယ်နဲ့ တိုင်းတချို့မှာ လေပြင်းနဲ့အတူ မိုးကြီးနိုင်တယ်လို့ မိုးလေဝသနဲ့ ဇလဗေဒက ခန့်မှန်းထားတာပါ။

အလားတူ မိုးလေဝသသတင်းတွေကို ခန့်မှန်းပေးနေတဲ့ စုစုစံကလည်း မုန်တိုင်းဟာ မေ ၂၄ ရက်နဲ့ ၂၅ ရက်မှာ ရခိုင်ကမ်းရိုးတန်းအနီးကို ရောက်ရှိနိုင်ပြီး မုန်တိုင်းရဲ့ ညာဘက် တိုက်ခိုက် လေစီးကြောင်းတွေက ပြည်ခရိုင်နဲ့ မကွေးတိုင်းတခုလုံးကို မိုးရွာနိုင်တယ်လို့ထုတ်ပြန်ထားပါတယ်။

အောင်လံ၊ ကမ္မ၊ မင်းတုန်း၊ ငဖဲ၊ ပဒါန်း၊ မင်းဘူး၊ စကု၊ လယ်ကိုင်း၊ ကျောင်းတော်ရာ၊ ပွင့်ဖြူ၊ ရှောက်တော၊ ကုန်းဇောင်း၊ ရေနံချောင်း၊ စလေ၊ ချောက်၊ ဆိပ်ဖြူ၊ ဆင်ဖြူကျွန်း၊ ကန်ဇွန်းမ၊ ကန်းပြား၊ စေတုတ္တရာ၊ မုန်းဆည်၊ ကြီးအုံကြီးဝဆည်၊ မန်းဆည်နဲ့ ရွှေစက်တော် ဒေသတွေမှာ မိုးကြီးစွာ ရွာသွန်းနိုင်ပြီး မြစ်ချောင်းရေများ သတိပြုကြဖို့ ထုတ်ပြန်ချက်မှာ ပါဝင်ပါတယ်။

ဒါ့အပြင် အဲဒီနေ့တွေမှာပဲ ပဲခူးတိုင်းအရှေ့ခြမ်း စစ်တောင်းမြစ်ဝှမ်းဒေသ တောင်ငူ၊ ကျောက်ကြီး၊ နတ်သံကွင်း၊ ကညွှတ်ကွင်း၊ ညောင်ပင်သာ၊ ကျောက်တံခါး၊ ဖတို၊ ပိန်းဇလုတ်၊ ညောင်လေးပင်၊ ရွှေကျင်၊ မဒေါက်၊ ပြွန်တန်ဆာ၊ ဒိုက်ဦး၊ ဖောင်တော်သီ၊ ၊ ကဒုတ်၊ ဘုရားကြီး၊ ပဲခူး၊ သေနတ်ပင်၊ ဝေါ၊ ကဝ ဒေသတွေမှာလည်း မိုးများစွာရွာသွန်းနိုင်ပြီး မိုးကြီး ရေလျှံနိုင်တယ်လို့လည်း သတိပေးထားပါသေးတယ်။

မိုးလေဝသနဲ့ ဇလဗေဒဌာနရဲ့ နောက် ၂ ရက်အတွက်ခန့်မှန်းချက်ချက်မှာတော့ ပဲခူးတိုင်း၊ ရန်ကုန်တိုင်း၊ ဧရာဝတီတိုင်း၊ တနင်္သာရီတိုင်း၊ ရခိုင်ပြည်နယ်၊ ကရင်ပြည်နယ်နဲ့ မွန်ပြည်နယ်တို့မှာ ဒေသအလိုက် နေရာကွက်ပြီးမိုးကြီးနိုင်တယ်လို့ ဆိုပြီး လက်ရှိမှာ လေဖိအားနည်းရပ်ဝန်း (Low Pressure Area)ဟာ ဘင်္ဂလားပင်လယ်အော် အနောက်တောင်ပိုင်းနဲ့ ယင်းနဲ့ ဆက်စပ်လျက်ရှိတဲ့ ဘင်္ဂလားပင်လယ်အော် အနောက် အလယ်ပိုင်း၊ အိန္ဒိယနိုင်ငံ၊ တမီးလ်နာဒူး မြောက်ပိုင်းကမ်းလွန် – အင်ဒရာပရာဒေ့ရှ် တောင်ပိုင်းကမ်းခြေတို့မှာ ဆက်လက်တည်ရှိနေတယ်လို့ သိရပါတယ်။


Comments

Leave a Reply

Your email address will not be published. Required fields are marked *