ရွှေဈေးထိန်းဖို့ မန္တလေး ရွှေဈေးကွက်ကို ယာယီအရောင်းပိတ်

ပြည်တွင်းရွှေဈေး ကျပ်သိန်း ၅၀ ကျော်လာချိန်မှာ ရွှေဈေးထိန်းနိုင်အောင် အရောင်းအဝယ်ဈေးကွက်ကို ဒီနေ့ကစတင်ပြီး ယာယီအရောင်းပိတ်ထားမယ်လို့ မန္တလေးရွှေလုပ်ငန်းရှင်အသင်းထံကသိရပါတယ်။

မန္တလေးမှာရှိတဲ့ ရွှေဆိုင်တွေရဲ့အရောင်းအဝယ်ကိုပိတ်ပင်မှာမဟုတ်ဘဲရွှေအသင်းမှာ ရွှေကုန်သည်တွေကြား နေ့စဉ်ရှိနေတဲ့ အရောင်းအဝယ်ကိုသာရပ်နားမှာဖြစ်ပါတယ်။

“အခုတော့ ရက်အကန့်အသတ်မရှိပိတ်ထားတယ်ပေါ့ ၊ ဒီလိုလုပ်လိုက်တဲ့အတွက် ဈေးကို ထိန်းနိုင်မယ်၊ လျော့သွားနိုင်မယ့် သဘောပေါ့ “လို့ မန္တလေး ရွှေလုပ်ငန်းရှင်တစ်ဦးက ပြောပါတယ်။

ပြီးခဲ့တဲ့ နှစ် မေလ နောက်ဆုံးပတ်ထဲမှာ ရွှေဈေး တစ်ကျပ်သား ၃၁ သိန်းဝန်းကျင်ဖြစ်လာချိန်ကလည်း မန္တလေး ရွှေဈေးကွက်ကို ရွှေအသင်းက တစ်ပတ်ကြာပိတ်ဖူးခဲ့ပါတယ်။

ဒါပေမယ့် ရွှေဈေးကျဆင်းမှုမရှိဘဲ အခုနှစ် မေလမှာဆိုရင် ပြည်တွင်းရွှေဈေးသမိုင်းတလျောက် စံချိန်တင် ဈေးနှုန်းအဖြစ် ကျပ်သိန်း ၅၀ ကျော်ထိဖြစ်လာတာတွေ့ရပါတယ်။

ဒီနေ့ ဈေးကွက်ဖွင့်ချိန် ပေါက်ဈေးအရ အခေါက်ရွှေတစ်ကျပ်သား ကျပ် ၅၂ သိန်း ရှိနေတယ်လို့ သိရပါတယ်။

စစ်တပ်အာဏာမသိမ်းခင်က ရွှေတစ်ကျပ်သား ကျပ် ၁၃ သိန်းကျော်ဝန်းကျင်ရှိရာကနေ အာဏာသိမ်း ကာလ ၃ နှစ်ကျော်ချိန်မှာ ကျပ်ငွေတန်းဖိုး ကျဆင်းမှုနဲ့အတူ ရွှေဈေးဟာ ၃ ဆခန့် မြင့်တက်လာတာပဲဖြစ်ပါတယ်။


Comments

Leave a Reply

Your email address will not be published. Required fields are marked *