သေဒဏ်နဲ့ တစ်သက်တစ်ကျွန်း စီရင်မယ့်ပြစ်မှုတွေကို MNDAA ထုတ်ပြန်

ကိုးကန့်တပ်ဖွဲ့လို့ လူသိများတဲ့ မြန်မာ့အမျိုးသား ဒီမိုကရက်တစ် မဟာမိတ်တပ်မတော် (MNDAA) တပ်ဖွဲ့က ရှမ်းပြည်နယ်မြောက်ပိုင်းက သူတို့ထိန်းချုပ်ဒေသအတွင်းမှာ သေဒဏ်နဲ့ ထောင်ဒဏ် တစ်သက်တစ်ကျွန်း ချမှတ်နိုင်တဲ့ပြစ်မှုတွေကို မေလ ၂၂ ရက်နေ့မှာ ထုတ်ပြန်ပါတယ်။

လူသတ်မှု၊ တစ်ပါးသူကို ရက်စက်ကြမ်းကြုတ်တဲ့နည်းလမ်းနဲ့ သေဆုံးအောင် လုပ်ဆောင်မှု၊ ပြန်ပေးဆွဲတဲ့လူကို သတ်ဖြတ်မှုတွေအတွက် သေဒဏ်၊ ထောင်ဒဏ် တစ်သက်တစ်ကျွန်းနဲ့ ဆယ်နှစ်ထက် မပိုတဲ့ပြစ်ဒဏ်တွေ ချမှတ်မယ်လို့ ကိုးကန့်တပ်ဖွဲ့ရဲ့ တရုတ်ဘာသာနဲ့ ထုတ်ပြန်ချက်မှာ ဖော်ပြပါတယ်။

အိမ်တွင်းလုယက်မှု၊ လမ်းပေါ်မှာ လုယက်မှု၊ အကြိမ်ပေါင်းများစွာ လုယက်မှု၊ စစ်တပ်နဲ့ ရဲအရာရှိ ဟန်ဆောင်ပြီး သေနတ်ကိုင် လုယက်မှု၊ လုယက်ရင်း ဒဏ်ရာပြင်းထန်စွာနဲ့ သေဆုံးစေမှုအတွက်ကိုလည်း သေဒဏ်၊ ထောင်ဒဏ် တစ်သက်နဲ့ ငွေဒဏ်ကိုပါချမှတ်မှာဖြစ်ပြီး ပစ္စည်းတွေကိုလည်း သိမ်းယူမယ်လို့ ဆိုပါတယ်။

ကလေးသူငယ်၊ အမျိုးသမီးနဲ့ အရွယ်ရောက်ပြီးအမျိုးသားတွေကို လူကုန်ကူးရောင်းဝယ်ဖောက်ကားတဲ့ ခေါင်းဆောင်တွေကိုတော့ သေဒဏ်ချမှတ်မယ်လို့ MNDAA က ပြောပါတယ်။

တရုတ်ယွမ်ငွေ တစ်သန်းအထက် အွန်လိုင်းလိမ်လည်မှု ကျူးလွန်သူတွေကို ထောင်ဒဏ် တစ်သက်တစ်ကျွန်း၊ ငွေဒဏ်နဲ့ ပိုင်ဆိုင်မှုပစ္စည်းတွေကို သိမ်းမှာဖြစ်ပြီး ယွမ်တစ်သန်းအောက် လိမ်လည်သူတွေကိုတော့ ထောင်ဆယ်နှစ်ထက်မပိုတဲ့ ပြစ်ဒဏ်နဲ့ ပစ္စည်းတွေကိုပါ သိမ်းမယ်လို့ MNDAA က ပြောပါတယ်။

အစိုးရနဲ့ပုဂ္ဂလိကပိုင် ပစ္စည်းတွေကို ယွမ်တစ်သိန်းအထက် ခိုယူသူတွေကိုလည်း ထောင်ဒဏ်တစ်သက် ချမှတ်မှာဖြစ်ပြီး သာမန်ခိုးမှု၊ တရားမဝင် ချုပ်နှောင်မှုအပါအဝင် ပြစ်မှုတချို့ကိုတော့ ထောင်ဒဏ်သုံးနှစ်က ဆယ်နှစ်အထိ အသီးသီးပြစ်ဒဏ်ချမှတ်မယ်လို့ ဖော်ပြပါတယ်။

MNDAA က ထုတ်ပြန်လာတဲ့ အခုပြစ်ဒဏ်တွေဟာ တရုတ်နိုင်ငံရဲ့ဥပဒေကို မှီငြမ်းထားတာဖြစ်ပြီး တရုတ်နယ်စပ်က ရာဇဝတ်မှုတွေကို ထိထိရောက်ရောက် တားမြစ်ဖို့အတွက် လုပ်ဆောင်လာတာ ဖြစ်နိုင်တယ်လို့ ရှမ်းပြည်နိုင်ငံရေး လေ့လာသူတစ်ဦးက RFA ကို ပြောပါတယ်။

“သူက တရုတ်နိုင်ငံနဲ့ဆက်နေတော့ နယ်စပ်မှာ ရာဇဝတ်မှုတွေ မရှိအောင် လုပ်ချင်ပုံရတယ်။ ဒီလိုလုပ်ဖို့က တရုတ်နိုင်ငံပုံစံကို စံနမူနာယူထားတာပေါ့။ “ဝ” ဒေသမှာလည်း အဲဒီလိုပဲ”

၂၀၂၄ ခုနှစ်၊ ဧပြီ ၂၄ ရက်နေ့ကလည်း လောက်ကိုင်မြို့မှာ MNDAA ရဲ့ ခရိုင်မှူးအဆင့်ရှိသူ တစ်ဦးအပါအဝင် တပ်ဖွဲ့ဝင်သုံးဦးကို လူသတ်ပြန်ပေးဆွဲမှုတွေမှာ ပါဝင်တယ်ဆိုပြီး MNDAA က လူမြင်ကွင်းမှာ သေဒဏ်ပေးခဲ့လို့ ဝေဖန်ခံခဲ့ရပါတယ်။

MNDAA ရဲ့ အခုလို တရားစီရင်ရေးစနစ်ဟာ တရုတ်နိုင်ငံ တရားစီရင်ရေးစနစ်ရဲ့ သက်ရောက်မှုတစ်ခုဖြစ်တယ်လို့ ဥပဒေပညာရှင်တွေက ပြောပါတယ်။ မြန်မာနိုင်ငံမှာ ၁၈၆၁ ခုနှစ်ကတည်းက ပြဋ္ဌာန်းခဲ့တဲ့ လူမြင်ကွင်းမှာ သေဒဏ်စီရင်တဲ့ဥပဒေကို ဖျက်သိမ်းထားပြီးသားဖြစ်တယ်လို့ ဥပဒေကျွမ်းကျင်သူတွေက ထောက်ပြပါတယ်။

၁၀၂၇ စစ်ဆင်ရေး ကာလအတွင်းမှာ ရှမ်းပြည်မြောက်ပိုင်း သိန္နီ၊ ကွမ်းလုံ၊ ချင်းရွှေဟော်၊ လောက်ကိုင်၊ မုံးကိုး၊ ကြူကုတ်(ပန်ဆိုင်း)၊ ကုန်းကြမ်း စတဲ့မြို့တွေကို MNDAA တပ်ဖွဲ့က သိမ်းပိုက်ထားပါတယ်။

လားရှိုးမြို့နယ်အတွင်း လူသတ်၊ ဓားပြတိုက်၊ ပြန်ပေးဆွဲမှု ၂၅ ခုကို ကျူးလွန်ခဲ့သူ လေးဦးအား ကိုးကန့်တပ်ဖွဲ့ MNDAA မှ ၂၀၂၃ ခုနှစ် မေလ ၂ ရက်နေ့က သေဒဏ်စီရင်ခဲ့စဉ်။ (Photo: MNDAA)


Comments

Leave a Reply

Your email address will not be published. Required fields are marked *