စစ်ဆင်ရေးများပိုမိုအားကောင်းလာစေရန် တနင်္သာရီတိုင်းရှိ တော်လှန်ရေးတပ်ဖွဲ့များ ပေါင်းစည်း

တနင်္သာရီတိုင်းအတွင်း စခန်းသိမ်းတိုက်ပွဲများအပါအဝင် စစ်ဆင်ရေးများ ပိုမိုအားကောင်းလာစေရန်ရည်ရွယ်ပြီး တစ်တိုင်းလုံးရှိ လက်နက်ကိုင်တော်လှန်ရေးတပ်ဖွဲ့အားလုံးနီးပါး ပေါင်းစည်းလိုက်ပြီဖြစ်ကြောင်း ပေါင်းစည်းမှုတွင်ပါဝင်သည့် တော်လှန်ရေးတပ်ဖွဲ့များကပြောသည်။

ယခုပေါင်းစည်းမှုတွင် ကရင်အမျိုးသားကာကွယ်ရေးတပ်(KNLA)ဦးဆောင်ပါဝင်ပြီး မြိတ်ခရိုင်၊ ထားဝယ်ခရိုင်နှင့် ကော့သောင်းခရိုင်တို့မှ အမျိုးသားညီညွတ်ရေး အစိုးရ(NUG)၊ ကာကွယ်ရေးဝန်ကြီးဌာနအောက်ရှိ လက်နက်ကိုင်တပ်ဖွဲ့အားလုံးပါဝင်​သည်။

“စစ်ရေးဖော်ဆောင်ဖို့အတွက် အဖွဲ့ကြီး၊ အဖွဲ့ငယ်တွေစုစည်းပြီး တပ်ပေါင်းစုပုံစံမျိူးနဲ့ စခန်းသိမ်းတိုက်ပွဲတွေကို ဟန်ချက်ညီညီဖော်ဆောင်ဖို့အတွက် ပေါင်းစည်းကြတာပါ”ဟု မြိတ်ခရိုင် ပြည်သူ့ကာကွယ်ရေး ပူးပေါင်းစစ်ကြောင်း(၂)မှ တာဝန်ရှိသူတစ်ဦးက ပြောသည်။

ပေါင်းစည်းမှုတွင်ပါဝင်သည့် တပ်ဖွဲ့များမှာ KNU/KNLA တပ်မဟာ(၄)လက်အောက်ခံ တပ်ရင်း ၇၊ တပ်ရင်း ၁၀၊ တပ်ရင်း ၁၁၊ တပ် ရင်း ၁၂တို့ပါဝင်ပြီး NUG/MOD လက်အောက်ခံတပ်ဖွဲ့အားလုံးပါဝင်ကြောင်း ၎င်းက ဆက်ပြောသည်။

“တိုင်းရင်းသားလက်နက်ကိုင်တွေက ဦးဆော င်ပြီး ကာကွယ်ရေးဝန်ကြီးဌာနလက်အောက်မှာရှိတဲ့ အဖွဲ့တွေက ဒုတိယနေရာက ပါဝင်မှာဖြစ်ပါတယ်”ဟု မြိတ်ခရိုင် ပြည်သူ့ကာကွယ်ရေးပူးပေါင်းစစ်ကြောင်း(၂)မှ တာဝန်ရှိသူက ရှင်းပြသည်။

တပ်ပေါင်းစုစုဖွဲ့ရာတွင်ပါဝင်သော တပ်ရင်း၊ တပ်ဖွဲ့အရေအတွက်မှာ ခန့်မှန်အဖွဲ့ ၈၀ ခန့်ပါဝင်ပြီး စာရင်းအတိအကျကို တိုင်းအဆင့်ကွပ်ကဲရေးမှ စာရင်းပြုစုနေပြီး KNLA နှင့် NUG/MOD လက်အောက်ခံမဟုတ်သည့် တပ်ဖွဲ့ခုဂဏန်းမှာ ပေါင်းစည်းမှုအတွက် ညှိနှိုင်းဆဲဖြစ်ကြောင်း စုံစမ်းသိရသည်။

လတ်တလော တပ်ပေါင်းစုဖွဲ့စည်းရေးတွင်ပါဝင်ထားသည့် ခရိုင်အလိုက်အခြေပြုမြို့နယ်များမှာ မြိတ်ခရိုင်မှ ပုလော၊ မြိတ်၊ တနင်္သာရီ၊ ကျွန်းစု၊ ထားဝယ်ခရိုင်မှ ထား ဝယ်၊ သရက်ချောင်း၊ လောင်းလုံး၊ ရေဖြူနှင့် ကော့သောင်းခရိုင်မှ ကော့သောင်းနှင့် ဘုတ်ပြင်းမြို့နယ်များပါဝင်သည်။

တနင်္သာရီတိုင်းအတွင်း စစ်ကောင်စီလက်အောက်ခံ တပ်ရင်းတပ်ဖွဲ့များအား တော်လှန်ရေးပူးပေါင်းတပ်များက ထိုးစစ်ဆင်တိုက်ခိုက်လျှက်ရှိရာ ကြည်း၊ ရေ၊ လေ တပ်များအသုံးပြု၍ အပြင်းအထန်ခုခံသည့်ကြားက မေလ ၈ရက်တွင် သရက်ချောင်းမြို့နယ်ရှိ ပဲဒက်တပ်စခန်းနှင့် ကျောက်ဆည်ပျူစောထီး စခန်းတို့ကို ပူးပေါင်းတပ်ဖွဲ့များက သိမ်းယူနိုင်ခဲ့သေးသည်။

“ပူးပေါင်းတာက အမှန်ပါ။ အဖွဲ့ဘယ်နှစ်ဖွဲ့ထိ ပေါင်းထားမှန်း အရေအတွက် အတိအကျကိုတော့ ခုမှသိရတာပါ။ဒါက NUGအစိုးရနဲ့ KNUရဲ့ ပေါင်းစည်းမှု ပိုကောင်းလာပြီး ရဲဘော်တွေကို ပိုပြီး စိတ်ခွန်အားတက်စေတယ်” ဟုမြိတ်ခရိုင်ရင်း(၁)မှ PDF တစ်ဦးက​ပြောသည်။

(တနသာ်ရီတိုင်းမှ ​တော်လှန်​ရေးတပ်ဖွဲ့ဝင်များ။ ဓါတ်ပုံ- TDF )


Comments

Leave a Reply

Your email address will not be published. Required fields are marked *