စိတ်ကျန်းမာရေးချို့တဲ့သူကို စစ်အုပ်စုက တာယာကွင်းစွပ် မီးရှို့သတ်

မြင်းခြံမှာ စိတ်ကျန်းမာရေးချို့တဲ့သူကို စစ်အုပ်စုက တာယာကွင်းစွပ် မီးရှို့သတ်၊ ဖမ်းလာသူ နှစ်ဦးကိုလည်း သတ်

ဆုံရွာ ပျူစခန်း တိုက်ခိုက်ခံရပြီးနောက် စစ်အုပ်စုက မြင်းခြံနယ်ထဲ ရွာစဉ်ပတ်မွှေ လူသတ်၊ လုယက်၊ မီးရှို့နေ

မန္တလေးတိုင်း၊ မြင်းခြံမြို့နယ်၊ နဘူးအိုင်ကျေးရွာက စိတ်ကျန်းမာရေး ချို့တဲ့သူ အမျိုးသားတစ်ဦးကို မေ(၂၂)ရက်မှာ စစ်အုပ်စုက တာယာကွင်းစွပ် မီးရှို့ သတ်ဖြတ်ပြီး ဓားစာခံ လူသားဒိုင်း ဖမ်းဆီးလာတဲ့ အမျိုးသား နှစ်ဦးကိုလည်း ပစ်ခတ် သတ်ဖြတ်သွားတယ်လို့ ဒေသခံ သတင်းရင်းမြစ်တွေကပြောပါတယ်။

မေ(၉)ရက်က မြင်းခြံနယ် ဆုံရွာ ပျူစခန်း တိုက်ခိုက်ခံရပြီးနောက် စစ်အုပ်စုက လက်နက်အားကိုးနဲ့ မြင်းခြံနယ်ထဲ နှစ်ဖွဲ့ခွဲကာ ရွာစဉ်ပတ်မွှေ လူသတ်၊ လုယက်၊ မီးရှို့နေတာ ဖြစ်ပြီး နှစ်ပတ်တာအတွင်း ဒေသခံ (၁၀)ဦး ထက်မနည်းကို သတ်ဖြတ်ကာ အိမ်ခြေ(၃၀၀)ကျော် မီးရှို့ဖျက်ဆီးခဲ့ပြီး ဖြစ်တယ်လို့ ဆိုပါတယ်။

မေ(၂၂)ရက်က မြင်းခြံမြို့နယ်၊ နဘူးအိုင်ရွာကို စီးနင်းတဲ့ စစ်အုပ်စုက စိတ်ကျန်းမာရေး ချို့တဲ့သူ အသက်(၄၀) ဝန်းကျင် အရွယ် ကိုလင်းဆိုသူကို တာယာကွင်းစွပ်ကာ မီးရှို့သတ်ဖြတ်ပြီး ဓားစားခံ လူသားဒိုင်းအဖြစ် ဖမ်းခေါ်လာတဲ့ မြင်းခြံနယ် မြောက်ခြမ်း ကန်ချောကျေးရွာက ဆိတ်ကျောင်းနေတဲ့ အမျိုးသားတစ်ဦးနဲ့ နောက်ထပ် အမျိုးသား တစ်ဦးကိုလည်း ပစ်ခတ် သတ်ဖြတ်ခဲ့တာလို့ မြင်းခြံ လူထုလှုပ်ရှားမှု ကော်မတီက ပြောပါတယ်။

“ဖြစ်တာက မနေ့ (မေ-၂၂ရက်) ည (၈) နာရီကျော်လောက်က ဖြစ်သွားတာ။ (စခ) စစ်ကြောင်းက ကန်ချောရွာမှာ တစ်ညအိပ်တယ်။ အိပ်ပြီးတော့ နောက်တစ်ရက် ပြန်ထွက်ချိန်မှာ တွေ့တဲ့သူ ဓားစာခံ လမ်းပြ လုပ်ပြီး ခေါ်သွားတယ်။ အဲဒီမှာ လမ်းမှာ မိုင်းဆွဲခံရတာ၊ ဒရုန်းချခံရတာနဲ့ ကြုံခဲ့ပြီးတော့ နဘူးအိုင် ရောက်တဲ့အခါမှာ ဓားစာခံ နှစ်ဦးကို ပစ်သတ်လိုက်တာ။ အဲဒီလို ပစ်သတ်ပြီးတော့ နဘူးအိုင်ရွာက စိတ်ကျန်းမာရေး မကောင်းတဲ့ အမျိုးသားကိုလည်း တာယာကွင်းထဲ ထည့်ပြီးတော့ မီးရှို့ သတ်လိုက်တယ်။ အဲဒီ စိတ်ကျန်းမာရေး မကောင်းတဲ့ သူက တခါတလေမှာ သူက အဝတ်ကို မကပ်တဲ့ အရူးပါဗျာ။ အခု (စခ)နဲ့ပျူတွေက နဘူးအိုင်ရွာထဲက ပစ္စည်းတွေ ခိုးယူနေသလို အဲဒီမှာပဲ ရှိနေသေးတယ်”လို့ မြင်းခြံ လူထုလှုပ်ရှားမှုကော်တီ သတင်းပြန်ကြားရေး တာဝန်ရှိသူ တစ်ဦးကပြောပါတယ်။

မြင်းခြံနယ်ထဲ ရွာစဉ်ပတ်မွှေ လူသတ်၊ လုယက်၊ ဓားပြတိုက်၊ မီးရှို့၊ သောင်းကျန်းနေတဲ့ စစ်အုပ်စု နှစ်ဖွဲ့အနက် မေ(၂၃)ရက်မှာ တစ်ဖွဲ့က နဘူးအိုင်ရွာကို စီးနင်းလုယက် အကြမ်းဖက်နေပြီး နောက်တစ်ဖွဲ့က တောပုရွာထဲ စီးနင်း အထိုင်ချနေတယ်လို့ မြင်းခြံ လူထုလှုပ်ရှားမှုကော်မတီက ဆိုပါတယ်။

စစ်အုပ်စုဟာ မြင်းခြံနယ်ထဲ ရွာစဉ်ပတ်မွှေရင်း ခိုးရာပါ ပစ္စည်းတွေနဲ့ မူးရူးသောက်စားပြီး ခရီးသွား ပြည်သူတွေကို လက်နက်ပြ မိုက်ကြေးခွဲတာတွေလည်း လုပ်နေတယ်လို့ ဒေသခံတွေက ပြောပါတယ်။

“မြင်းခြံနယ်ထဲမှာ အခု (စခ)တွေ အတော် ဆိုးနေတာဗျ။ ဂိတ်ဖွင့် ပိုက်ဆံကောက်တယ်။ ဓားပြတိုက်တယ်။ အခု နဘူးအိုင်ကို ရောက်နေတဲ့ စစ်ကြောင်းက (၂၀) ရက်နေ့က ကုက္ကဲရွာကို ညအိပ်တာ။ အဲဒီ မတိုင်ခင် မြင်းခြံ – မန္တလေး ကားလမ်းပေါ် ကားတစ်စီးကို ဓားပြတိုက်ဖို့ ရမ်းပစ်တာ ကားပေါ်က အငြိမ်းစား ကျောင်းဆရာမ တစ်ဦး မှန်ပြီးတော့ သေသွားသေးတယ်။ အခုလည်း နဘူးအိုင် ရောက်နေတဲ့ စစ်ကြောင်းက ခရီးသွား ကားတွေဆီကနေ (၅၀၀၀)၊ (၁၀၀၀၀) တောင်းနေတာ။ (စခနဲ့ပျူ) အကုန် မူးနေတယ်လို့ ပြောတယ်”လို့ မြင်းခြံ လူထု လှုပ်ရှားမှု ကော်မတီက ပြောပါတယ်။

မေ(၉)ရက်က ဆုံရွာ ပျူစခန်း တိုက်ခိုက်ခံရပြီးနောက် စစ်အုပ်စုက မေ(၁၄)ရက်မှာ ရွာရှည်ရွာကို စီးနင်းကာ မျက်မမြင် အဘွားအို အပါအဝင် ထွက်မပြေးနိုင်တဲ့ ဒေသခံ ငါးဦးကို ဖမ်းဆီးပြီး မီးရှို့သတ်ဖြတ်ကာ အိမ်ခြေ(၃၀၀)ဝန်းကျင် ရှိတဲ့ ရွာရှည်ရွာကို ရွာလုံးကျွတ် မီးရှို့ဖျက်ဆီးခဲ့ပါတယ်။

အဲ့ဒီနောက် မြင်းခြံနယ် မြောက်ခြမ်း ဧရာဝတီမြစ်ရိုးက ရွာတွေကို ဆက်လက် ရွာစဉ်ပတ်မွှေ လူသတ်၊ လုယက်၊ မီးရှို့နေတာ ဖြစ်ပါတယ်။

စစ်အုပ်စု ရန်ကြောင့် မြင်းခြံနယ် မြောက်ခြမ်း ကျေးရွာတွေက ဒေသခံပြည်သူတွေ ထွက်ပြေး တိမ်းရှောင်နေရပြီး ရက်ကြာရှည်လာလို့ စားသောက်ရေး အကူအညီတွေ လိုအပ်နေတယ်လို့ ဒေသခံတွေက ဆိုပါတယ်။

“စစ်ရှောင်တွေကတော့ ပြေးလိုက် ဝင်လိုက်ပေါ့။ အခု စစ်ကြောင်း မရှိတဲ့ ရွာတွေကတော့ ပြန်ဝင်နေကြပြီပေါ့။ ရွာရှည်ရွာလို ရွာလုံးကျွတ် မီးရှို့ခံလိုက်ရတဲ့ ကျေးရွာတွေကတော့ ပြန်ဝင်နေလို့ မရသေးဘူး” လို့ စစ်ဘေးရှောင်တွေကို ကူညီနေသူ တစ်ဦးက ပြောပါတယ်။

လက်ရှိအချိန်ထိ စစ်အုပ်စုက မြင်းခြံနယ်ထဲ ရွာစဉ်ပတ်မွှေ သောင်းကျန်းနေဆဲ ဖြစ်ကာ ပြည်သူတွေလည်း ထွက်ပြေးနေရဆဲ ဖြစ်ပြီး သတ်ဖြတ်ခံရသူ၊ ပျောက်ဆုံးနေသူနဲ့ ရွာမီးရှိုပခံရမှု အသေးစိတ် အခြေအနေတွေ မသိရသေးဘူးလို့ ဒေသခံတွေက ဆိုပါတယ်။

မြင်းခြံနယ်ထဲ ရွာစဉ်ပတ်မွှေ လူသတ်၊ လုယက်၊ မီးရှို့မှုတွေကို မန္တလေးနန်းတွင်း အခြေစိုက် အလယ်ပိုင်းတိုင်း စစ်ဌာနချုပ် – လပခ လက်အောက်ခံ မြင်းခြံမြို့ ခြေမြန်တပ်ရင်း (ခမရ)-၁၅ က ဦးဆောင်းပြီး ဒေသခံပျူတွေနဲ့ မိတ္ထီလာမြို့ တပ်မ(၉၉)က ပို့လွှတ်ထားတဲ့ စစ်အုပ်စုနဲ့ သင်တန်းဆင်းစ ပျူတွေက ကျူးလွန်နေတာလို့ ဒေသခံ တော်လှန်ရေး အင်အားစုတွေက ပြောပါတယ်။

မေ(၁၄)ရက်က မြင်းခြံနယ်၊ ရွာရှည်ရွာက ဒေသခံပြည်သူတွေကို စစ်အုပ်စုက မီးရှို့ သတ်ဖြတ်ထားခဲ့စဉ်/Photo – CJ


Comments

Leave a Reply

Your email address will not be published. Required fields are marked *