တင်ပါးဒဏ်ရာရသွားတဲ့ ခရိုနီ PNA ဒု စစ်ဦးစီးချုပ် နေဝင်းထွန်း နောင်တရား လုံခြုံရေးအစည်းအဝေးမှာ လူလုံးထွက်ပြ

ဆီဆိုင်တိုက်ပွဲမှာ တင်ပါးဒဏ်ရာရသွားတဲ့ ခရိုနီ PNA ဒု စစ်ဦးစီးချုပ် နေဝင်းထွန်း နောင်တရား လုံခြုံရေးအစည်းအဝေးမှာ လူလုံးထွက်ပြ

ရှမ်းပြည် တောင်ပိုင်း၊ ပင်လောင်းမြို့နယ်၊ နောင်တရားမြို့နယ်ခွဲအနီး ခရမ်းရွာမှာ မေလ ၂၂ ရက်နေ့က ပြုလုပ်ခဲ့တဲ့ ပြည်သူလူထုလုံခြုံရေး ဆွေးနွေးပွဲကို ပအိုဝ်းပြည်သူ့စစ် (PNA)ရဲ့ ဒုစစ်ဦးစီးချုပ် ဗိုလ်မှူးနေဝင်းထွန်းက လူလုံးထွက်ပြလာတယ်လို့ အစည်းအ‌ဝေးတက်ရောက်ခဲ့သူတွေက ပြောပါတယ်။

နေဝင်းထွန်းဟာ ဖေဖော်ဝါရီလ အစပိုင်းကတည်းက မိုင်းပန်၊ ကောင်တန်ရပ်က သူပိုင်ဆိုင်တဲ့ ခနောက်စိမ်း တွေကို ကာကွယ်ဖို့အတွက် ရှေ့တန်းထွက်ခဲ့ရာမှာ လွယ်ထွယ်ရွာတိုက်ပွဲအတွင်း တင်ပါးကျည်ဆံဒဏ်ရာရခဲ့ပြီး နေပြည်တော် ခုတင် ၁၀၀၀ စစ်ဆေးရုံမှာ ကာလတစ်ခုကြာတဲ့အထိ ဆေးကုသမှု ခံယူနေခဲ့ရတာပါ။

အစည်းအဝေးတက်ရောက်ခဲ့သူ တစ်ဦးက “ဘာမှတော့ ထွေထွေထူးထူး မဟုတ်ပါဘူး။ နေဝင်းထွန်းက ရှေ့တန်းရောက် ပြည်သူ့စစ်တွေကို ထမင်းထုတ်ပို့ကြဖို့၊ အသုံးစရိတ် ထုတ်ပေးကြဖို့ပြောတာပါ၊ ပြီးတော့ ပအိုဝ်းပြည်ကို ကာကွယ်ဖို့အတွက် လူငယ်တွေ ပြည်သူ့စစ်ထဲဝင်ကြဖို့၊ ပအိုဝ်းစစ်တပ်မှာ တာဝန်ထမ်းဆောင် ရတာလည်း ဂုဏ်ယူစရာကောင်းတယ်လို့ ပြောသေးတယ်၊ PNA မှာ တာဝန် ၂ နှစ်ထမ်းဆောင်ပြီးရင် ထွက်လို့ရပြီပေါ့” လို့ ပြောပါတယ်။

နောင်တရားမြို့နဲ့ အနီးတစ်ဝိုက် ဒေသတွေမှာ အရင်လတွေတုန်းကလည်း ခရိုနီ နေဝင်းထွန်းဦးဆောင်တဲ့ PNA တပ်ရင်း ၄ အဖွဲ့ဟာ စစ်အသုံးစရိတ် တစ်အိမ် ၁ သိန်းကျပ်စီနဲ့ တစ်ရွာကို စစ်မှုထမ်း ၃ ဦး ခေါ်ယူခဲ့ဖူးပါတယ်။

လက်ရှိ နေဝင်းထွန်းဟာ ဘယ်နေရာမှာ နေထိုင်ပြီး ဘယ်တိုက်ပွဲတွေကို ဦးစီးနေတယ်ဆိုတာ မသိရသေးပေမယ့် နောင်တရားမြို့ကို မကြာခဏ လာရောက်တတ်တယ်လို့ မြို့ခံတွေဆီက သိရပါတယ်။

နေဝင်းထွန်းဟာ ပတ္တမြားနဂါး ကုမ္ပဏီ ဒါရိုက်တာ တစ်ယောက် ဖြစ်တဲ့အပြင် PNA ရဲ့ စီးပွားရေး တာဝန်ခံနဲ့ တပ်ရင်း ၄ တပ်ရင်းမှူး ဖြစ်ပြီး မေလ ၈ ရက်နေ့မှာတော့ ဒု စစ်ဦးစီးချုပ်အဖြစ် ရာထူးတိုးခန့်အပ်ခဲ့တယ်လို့ PNA ရဲ့ ထုတ်ပြန်ချက်အရ သိရပါတယ်။


Comments

Leave a Reply

Your email address will not be published. Required fields are marked *