နွားထိုးကြီးတွင် စစ်ကောင်စီဂိတ်တိုက်ခိုက်ခံရပြီး ၃ဦးသေ၊ လူငယ် ၂ဦးကို စစ်ကောင်စီဖမ်းဆီး

မန္တလေးတိုင်း၊နွားထိုးကြီးမြို့နယ်၊ ပြင်စည်လမ်းပိုင်းရှိ စစ်ကောင်စီစစ်ဆေးရေးဂိတ်ကို ဒရုန်းဖြင့် ဗုံးသီးချတိုက်ခိုက်ရာ စစ်ကောင်စီတပ်ဖွဲ့ဝင် သုံးဦးသေပြီး ခြောက်ဦးဒဏ်ရာရသွားသည်ဟု Natogyi People Defence Force မြင်းခြံခရိုင်အမှတ်(၄)တပ်ရင်း ပြန်ကြားရေးတာဝန်ခံကပြောသည်။

ပြင်စည်လမ်းပိုင်း၊ခက်လန်းနှင့်တက်စည်ကျေးရွာကြားရှိ အင်အား ၃၀နီးပါးရှိသော စစ်ကောင်စီစစ်ဆေးရေးဂိတ်ကို မေ ၂၃ရက်၊နံနက်၉နာရီခန့်က တိုက်ခိုက်ခဲ့ခြင်းဟု သိရသည်။

” ဒရုန်းနဲ့ ဗုံးသီးသုံးလုံးချတိုက်ခိုက်ခဲ့တယ်။သုံး ယောက်ပွဲချင်းပြီးသေတယ်။ခြောက်‌ယောက်အထက် ဒဏ်ရာရတယ်။ဒီစာရင်းက မျက်မြင်စာရင်းပဲ။အသေးစိတ်သိရဖို့လည်း စုံစမ်းနေပါတယ်”ဟု မြင်းခြံခရိုင်အမှတ်(၄)တပ်ရင်း ပြန်ကြားရေးတာဝန်ခံကပြောသည်။

တိုက်ခိုက်ခံရပြီးနောက် ခက်လန်းနှင့်တက်စည်ရွာမှ ဒေသခံ လူငယ်ခုနစ်ဦးကို စစ်ကောင်စီက မေ ၂၃ရက်ညတွင် ဖမ်းဆီးပြီး ယနေ့(မေ ၂၄ရက်)နံနက် ၁၀နာရီခန့်တွင် ငါးဦးပြန်လွှတ်ပေးခဲ့ကြောင်းသိရသည်။ ကျန်နှစ်ဦးကို ဆက်လက်ဖမ်းဆီးထားဆဲဖြစ်ပြီး ‌အသေစိတ်အခြေအနေကို မသိရှိရသေးပေ။

” သူတို့တပ်စွဲထားတဲ့ ပြင်စည်စာသင်ကျောင်းထဲ ခေါ်စစ်တယ်ပြောတယ်။ကျွန်တော်တို့လည်း သတင်းနားစွင့်နေတာပဲ”ဟု ဒေသခံတဦးကပြောသည်။

စစ်ဆေးရေးဂိတ်တိုက်ခိုက်ခံရမှု၌ စစ်ကောင်စီဘက်မှ ထိခိုက်သေဆုံးမှုကို သီးခြားအတည်ပြုနိုင်ခြင်းမရှိသေးပေ။တိုက်ခိုက်ခံရပြီးနောက် စစ်ကောင်စီသည် နွားထိုးကြီး၊ပြင်စည် လမ်းပိုင်းတလျှောက် ကင်းပုန်းများချထားပြီး စစ်ဆေးရေးဂိတ်၌လည်း အင်အားတိုးမြှင့်ထားကြောင်းသိရသည်။

နွားထိုးကြီးမြို့နယ်အတွင်း စစ်ကောင်စီစစ်ကြောင်းများ ရှိနေသောကြောင့် ဒေသခံများအနေဖြင့် လုံခြုံရေးနှင့် စစ်ရေးသတိရှိကြရန် ပြည်သူ့ကာကွယ်ရေးရဲဘော်အချို့က သတိပေးသည်။


Comments

Leave a Reply

Your email address will not be published. Required fields are marked *