ဆီဆိုင်မှာ ပျောက်ဆုံးနေတဲ့ လူငယ် ၃ ဦးကို သတ်ပြီးမြေမြုပ်ထားတဲ့ အလောင်းပြန်တွေ့

ရှမ်းတောင်၊ ဆီဆိုင်မြို့၊ ဟိုခဲရပ်ကွက်တွင် ပျောက်ဆုံးနေတဲ့ လူငယ် ၃ ဦးရဲ့အလောင်းတွေကို တွေ့ရှိတယ်လို့ လူမှုကွန်ရက်စာမျက်နှာတွေက သိရပါတယ်။

ပြီးခဲ့တဲ့ မေလ ၂၂ ရက်က ဟိုခဲရပ်ကွက်မှာ မြေမြုပ်ထားတာတွေ့လို့ ဖော်တာမှာ ပျောက်ဆုံးနေတဲ့ လူငယ် ၃ ဦးရဲ့အလောင်းတွေကို တွေ့ရတာလို့သိရပါတယ်။

လူငယ် ၁ ဦးမှာ မောင်အောင်မြတ်ကျော် ၁၉ နှစ်ဖြစ်ပြီး ပြီးခဲ့တဲ့ ဖေဖော်ဝါရီ ၁၄ ရက်က မိသားစုနဲ့အတူ စစ်ရှောင်နေရာမှ နေအိမ်ကိုပြန်ပြီး စောင်နဲ့အဝတ်အစားတွေ ပြန်ယူဖို့ ဆီဆိုင်ကို ပြန်သွားရာကနေ ပျောက်ဆုံးသွားတာဖြစ်ပြီး ယခု အသတ်ခံထားရပြီး မြေမြုပ်ထားတာကိုဖော်ရာက တွေ့ရှိတာလို့ သိရပါတယ်။

“သူတို့ပျောက်ခါစက လိုင်းပေါ်မှာ တင်တာတွေ့ရတယ်၊ ကျန် ၂ ယောက်တော့ မသိသေးဘူး၊ တနေ့တည်းပျောက်တာ သီရိရပ်ကွက်က ၂ ယောက် လဲ ရှိတယ်၊ သူတို့ဟုတ်မဟုတ် မသိရသေးဘူး”လို့ စစ်ဘေးရှောင်တစ်ဦးက ပြောပါတယ်။

လက်ရှိမှာ မောင်အောင်မြတ်ကျော်ရဲ့ မိသားစုတွေ ဟိုခဲပြန်ရောက်တယ်လို့ သိရပေမယ့် ဆက်သွယ်လို့ မရလို့ အခြား ၂ ဦးနဲ့ အချက်အလက်အသေးစိတ်ကို မသိရပါဘူး။ တွေ့ရှိတဲ့ အလောင်းတွေကိုတော့ မီးသင်္ဂြိုလ်ထားပြီလို့ စုံစမ်းသိရပါတယ်။

ပြီးခဲ့တဲ့ တိုက်ပွဲကာလတွေအတွင်းမှာ ဆီဆိုင်မြို့ပေါ် ၆ ရပ်ကွက်ဖြစ်တဲ့ မင်္ဂလာ၊ ဟိုခဲ၊ သီရိ၊ မြကန်သာ၊ အောင်ချမ်းသာနဲ့ အောင်သပြေ ရပ်ကွက်မှာ အကြောင်းအမျိုးမျိုးနဲ့ နေအိမ်ပြန်ရင်း ပျောက်ဆုံးနေတဲ့သူ ၆၀ ဦးခန့်ရှိနေပြီး ခုချိန်ထိ မိသားစုနဲ့အဆက်အသွယ်မရတဲ့ သူတွေ အများအပြားရှိနေဆဲလို့ စစ်ဘေးရှောင်တွေဆီက သိရပါတယ်။


Comments

Leave a Reply

Your email address will not be published. Required fields are marked *