မိုင်းတုံနယ်ထိန်းရဲ ချောင်းရိုက်ခံရလို့ သွားကျွတ်ပြီး ပြင်းထန်ဒဏ်ရာနဲ့ ဆေးရုံတက်နေရ

ရှမ်းအရှေ့၊ မိုင်းတုံရဲစခန်းက နယ်ထိန်းတပ်ကြပ် မနေ့ညနေပိုင်းက လူအုပ်နဲ့ဝိုင်းရိုက်ခံရလို့ အပြင်းအထန် ဒဏ်ရာရရှိသွားတယ်လို့ ဒေသခံတွေ ဆီက သိရပါတယ်။

မနေ့ မေလ ၂၃ ရက် ညနေ ၆ နာရီကျော်လောက်က မိုင်းတုံမြို့ ၊ ထုံးဖိုရပ်ဘက်မှာ လူအုပ်စုက ဝိုင်းရိုက်တာဖြစ်ပြီး နယ်ထိန်းရဲတပ်ကြပ် ဇင်မင်းမောင်ဟာ သွားတွေကျွတ်ထွက်၊ မျက်နှာစုတ်ပြတ် ဒဏ်ရာတွေ ရသွားတယ်လို့ သိရပါတယ်။

“လူ ၇ ယောက်လောက်ရှိမယ်၊ အရပ်ထဲကတော့ မဖြစ်နိုင်ဘူး၊ ဒီမှာက ဒီလောက်”ဇ”မရှိကြဘူး၊ တောထဲကဆိုလည်း အပြတ်ရှင်းတာ ဒီလိုမလုပ်ဘူး။ ခုက လက်တုန့်ပြန်တာ ဖြစ်ချင်ဖြစ်၊ ဒါမှမဟုတ် ဒီကောင် ညစ်တာ၊ ရစ်တာ ခံလာရတာကို မခံမရပ်နိုင်ဖြစ်ပြီး တုန့်ပြန်တာဖြစ်နိုင်တယ်” လို့ အခင်းဖြစ်ရာ နောင်ပါရင် ရပ်ကွက်သားတစ်ဦးကပြောပါတယ်။

အခင်းဖြစ်ပြီးတဲ့နောက် မေလ ၂၄ ရက် မနက်ပိုင်းအထိတော့ ဝိုင်းရိုက်တဲ့သူတွေကို မိတာ မကြားသေးဘူးလို့ သိရသလို အရိုက်ခံရတဲ့ ရဲနယ်ထိန်းလည်း ဆေးရုံမှာ ကုသဆဲလို့ သိရပါတယ်။

အဆိုပါ ရဲနယ်ထိန်းဟာ ခရီးသည်နဲ့ ခရီးသွားကားတွေအပေါ်မှာ မောက်မာစွာနဲ့ ငွေတောင်းကြမ်းတာ၊ မူးယစ်ဆေးစွဲတဲ့ ငွေရှိသူတွေကို သိန်းဆယ်ချီညစ်တာနဲ့ အခြားငွေရလုပ်ငန်းမှန်သမျှ ညစ်လုံး၊ ကျစ်လုံးများနဲ့ သူ့အထက် ခရိုင်ရဲမှူးကို ပိုက်ဆံရှာပေးနေတာဖြစ်လို့ ရဲစခန်းတစ်ခုလုံးမှာ သူ့ကို အကြောက်ရဆုံးလို့ ဒေသခံနဲ့ ခရီးသည်တင်ကားသမားတွေဆီက သိရပါတယ်။

“ဒီကောင်က တခါတလေ လျှော့ပေါ့ပေးဖို့ အောက်ကျခံ ပြောလည်းမရဘူး။ အရမ်းစကားပြောရင့်တယ်။ အရင်ခေတ်က တော်သေးတယ်၊ စစ်တပ်ခေတ်မှာတော့ ဒီကောင် လုပ်ချင်တာလုပ်လာတာ ပိုဆိုးလာလို့ တော်တော်များကလည်း ကြိမ်းနေကြတာ။ အခုလို ခံရတာတောင်နည်းသေးတယ်။ ဗိုလ်တောင် မဟုတ်သေးဘူး အရစ်ပဲရှိတာတောင် ဒီကောင်က Parado လိုင်စင်ကားတောင် ဝယ်စီးနေတာ။ သူ့လစာနဲ့ တသက်လုံးမဝယ်နိုင်တာကို စီးတာ” လို့ ကားသမားတစ်ဦးက ပြောပါတယ်။

ခရီးသည် ကားတွေကို ငွေတောင်းကြမ်းတာအပြင် မနှစ် ၂၀၂၃ ခုနှစ်ထဲမှာ မူးယစ်ဆေးစွဲနေတဲ့ နောင်ပါရင် ရပ်ကွက်က လားဟူလူငယ် ၁ ဦးကို ခိုးလို့ဆိုပြီး ဖမ်းတာမှာ ထွက်ပြေးလို့ ပစ်သတ်တာရှိခဲ့ပေမယ့် သူ့ကိုဘာမှအရေးယူတာ မကြားရဘူးလို့ ဒေသခံတွေက ပြောပါတယ်။

ပြီးခဲ့တဲ့ ၂၀၂၂ ခုနှစ်အတွင်းမှာ ရဲစခန်းက အရင်နယ်ထိန်း ဒုရဲအုပ် ဦးကျော်မြင့်ဆိုသူလည်း ခုလို ညနေပိုင်းမှာပဲ အမည်မသိသူတွေက ကားနဲ့တိုက်သတ်တာ မသေဘဲ ပေါင်ကျိုး၊ ခေါင်းထိဒဏ်ရာတွေ ပြင်းထန်စွာရခဲ့ဘူးတယ်လို့ သိရပါတယ်။ ယင်းအမှုက ကျူးလွန်သူတွေကို ခုချိန်ထိ မမိသေးဘူးလို့ သိရပါတယ်။

မိုင်းတုံမြို့ဟာ စစ်ကောင်စီတက်ပြီး နောက်ပိုင်း ခရိုင်အဖြစ်တိုးချဲ့ ဖွဲ့စည်းခံရတဲ့ မြို့ဖြစ်ပြီး ပုံပါကျင်မြို့နယ်ခွဲ၊ မုံးထမြို့နယ်ခွဲတို့ပါဝင်ကာ အိမ်ထောင်စု ၆၂၇၀၂ စုရှိတယ်လို့ ဒေသန္တရအချက်အလက်များအရသိရပါတယ်။


Comments

Leave a Reply

Your email address will not be published. Required fields are marked *