မကွေးတိုင်း၊ မြိုင်မြို့ ၊ သစ်တောရုံးအခြေစိုက် စစ်သားများ ကင်းပတ်ထွက်လာစဉ် အသင့်စောင့် ဆိုင်းတိုက်ခိုက်ခဲ့ရာ ဗိုလ်မှူးတစ်ဦး လက်တစ်ဖက်ပြတ်သွားကြောင်း မြိုင်ပကဖ က သတင်းထုတ်ပြန်သည်။
မေလ ၂၃ရက်၊မွန်းလွဲနှစ်နာရီခန့်တွင် သစ်တောရုံး အခြေစိုက် စစ်သားနှင့် ပျူစောထီးစုစုပေါင်း ခုနှစ်ဦး ကင်းပတ်ထွက်လာစဉ် မြိုင်ပကဖ ၏ ဗိုလ်မိုက်ခဲ အဖွဲ့နှင့် ဘပြောင်အဖွဲ့တို့က အသင့်စောင့်ကြို မိုင်းဆွဲခဲ့ခြင်း ဖြစ်သည်။
“ သူတို့ ( စစ်ကောင်စီ တပ်သား) က အမြဲ ကင်းမပတ်ဘူး။ တစ်ခါ တစ်ခါမှ ပတ်တာ။ ကျတော်တို့ ရဲဘော်တွေက အမြဲစောင့်ကြည့်နေတယ်။ အခုမှ ရောက်လာပြီး မိုင်းဆွဲ လိုက်နိုင်တာပါ” ဟု မြိုင်ပကဖ၊ သတင်းနှင့် ပြန်ကြားရေးတာ၀န်ခံ ရဲဘော်သုတကပြောသည်။
မိုင်းဆွဲတိုက်ခိုက်ခြင်းကြောင့် ဗိုလ်မှူးသက်ဝေထွန်းမှာ ဘယ်လက်တစ်ဖက် ဖြတ်တောက်ခဲ့ရပြီး ကျန် ၆ ဦးမှာလည်း ပြင်းထန်ဒဏ်ရာ ရရှိခဲ့ကြောင်း သိရသည်။
“ ကျတော်တို့ ရဲဘော်တွေကတော့ မိုင်းဆွဲပြီး တန်းဆုတ်တာပဲ။ အဲအချိန် သစ်တောရုံးထဲက စစ်သားတွေ ထွက်လာပြီး သူတို့ လူတွေ ဆွဲထုတ်၊ သေနတ်တွေ ပစ်ဖောက်တယ်” ဟု ၎င်းက ဆက်လက်ပြောသည်။
ယင်းသစ်တောရုံး အနီးဝန်းကျင်သို့ ပြည်သူများ အသွားအလာရှိသဖြင့် စစ်သားများနှင့် အနီးကပ် နေထိုင်သွားလာခြင်း မပြုလုပ်ရန် မြိုင်ပကဖ က အသိပေးထားသည်။
“ မြို့ပေါ်က ကြားနေ ပြည်သူတွေလည်း ရှိနေသေးတယ်။အခု သစ်တောရုံးက မြို့ရဲ့ အရှေ့မြောက်ပိုင်းမှာ ရှိတယ်။ ပြည်သူတွေအသွားအလာ ရှိတယ်။ အဲတော့ ကာကွယ်ရေးအဖွဲ့ တွေလည်း လုပ်ချင်တိုင်းလုပ်မရဘူး။ ပြည်သူကို ငဲ့နေရတယ်” ဟု မြိုင်မြို့နယ်အတွင်းရှိ ကာကွယ်ရေး ရဲဘော်တစ်ဦးက ပြောသည်။
သစ်တောရုံးသည် မြိုင်မြို့၏ မြို့စောင့်ဂိတ်တစ်ခု ဖြစ်ပြီး စစ်သားနှင့်ပျူစောထီး စုစုပေါင်း၁၅ဦးကျော် ရှိကြောင်း သိရသည်။
Leave a Reply