မန္တလေးတိုင်း၊ သာစည်မြို့နယ် သမန်းကန်ကျေးရွာတွင် စစ်မှုထမ်းရန်ခေါ်ယူမည့် အမည်စာရင်း အိတ်ပိတ်စာကြောင့် ဒေသခံလူငယ် လူလတ်ပိုင်းများ ထွက်ပြေးတိမ်းရှောင်နေရကြောင်း သိရသည်။
အဆိုပါကျေးရွာတွင် စစ်မှုထမ်းရမည့်သူများကို ယခင်လို မဲနှိုက်ခိုင်းသည့်ပုံစံမျိုးမဟုတ်တော့ဘဲ အထက်မှရွေးချယ်ထားသည့်သူများ ဖြစ်သည်ဟု ဆိုသည်။
“ဒီရွာအတွက် ငါးယောက် စာအိတ်အပိတ်နဲ့လာတော့ ဘယ်သူပါမှန်း မသိရဘူး။ အဲ့ဒါကြောင့် ဒီနေ့ မနက်အုပ်ချုပ်ရေးမှူး ကိုမိုးကျော်သူ အစည်းအဝေးတက်နေချိန် ရွာကလူငယ်တွေ ရွာပြင်ကို အကုန်ထွက်ပြေးကြပြီ” ဟု ဒေသခံသတင်းရင်းမြစ် တစ်ဦးကပြောသည်။
ယင်း သမန်းကန်ကျေးရွာတွင် အိမ်ခြေ ၃၅၀ ရှိပြီး ယခင် ဧပြီလက မဲပေါက်ထားသည့်သူများလည်း အချိန်မီထွက်ပြေးနိုင်ခဲ့ကြောင်း သိရသည်။
အဆိုပါ ကျေးရွာနှင့်နီးစပ်သည့် သမန်းကန်ရွာနှင့်ခန့်မှန်း ငါးမိုင်အကွာက ပျော်ဘွယ်မြို့နယ်ရှိ ပေါက်တန်းကျေးရွာတွင်လည်း ယမန်နေ့ (မေလ ၂၄ ရက်)ညက စစ်မှုထမ်းရန် မဲပေါက်သည့်သူများကို စစ်ကားနှစ်စီးဖြင့် ခေါ်ဆောင်ရန်ရောက်ရှိလာသဖြင့် ဒေသခံများရွာလုံးကျွတ် အချိန်မီထွက်ပြေးတိမ်းရှောင်နိုင်ကြောင်း သိရသည်။
ပြီးခဲ့သည့် မတ်လ ၃၀ ရက်ကလည်း သာစည်မြို့နယ် ဘူးရုံကျေးရွာတွင် စစ်မှုထမ်းမည့်သူများအတွက် ထောက်ပံ့ကြေးကို တအိမ်လျှင် ကျပ် ၂၀၀,၀၀၀ ပေးဆောင်ရန် ငွေညှစ်သည့်ပုံစံဖြင့် ကျောင်းထိုင်ဘုန်းကြီးမှ ဦးဆောင်စီစဥ်ခဲ့သေးသည်။
သို့သော် အဆိုပါသတင်းထွက်ပေါ်ပြီးနောက် စစ်မှုထမ်းရန်မဲပေါက်သည့် လူငယ် ၁၄ ဦးမှာ အချိန်မီထွက်ပြေးသွားခြင်းကြောင့် ကျောင်းထိုင်ဘုန်းကြီးမှ ငွေကောက်ခံခြင်းမပြုလုပ်တော့ကြောင်း ဘူးရုံကျေးရွာခံထံက သိရသည်။
စစ်ကောင်စီအနေဖြင့် စစ်မှုမထမ်းမနေရ ဥပဒေအရ အပတ်စဥ်များအတွက် ဆင့်ခေါ်ခြင်းကို လာမည့်ဧပြီလ သင်္ကြန်ကာလအပြီးမှသာ အကောင်အထည်ဖော်ဆောင်မည်ဟု ကြေညာထားသော်လည်း ပြီးခဲ့သည့် မတ်လကစ၍ လက်ရှိအချိန်ထိ အပတ်စဥ်အလိုက် အတင်းအကျပ်ခေါ်ဆောင်၍ စစ်သင်တန်းပေးခြင်းများ လုပ်ဆောင်လျက်ရှိသည်။
ပုံအညွှန်း- စစ်မှုထမ်းရန် စုဆောင်းခံရပြီးနောက် စစ်သင်တန်းတက်နေရသူများ (ပြည်သူ့စစ်မှုထမ်းများ စုစည်းရာတယ်လီဂရမ်ချန်နယ်)
Leave a Reply