Ooredoo ဆက်သွယ်ရေးကုမ္ပဏီမှ A Bank သို့ရောင်းချထားဟုဆို

မြန်မာပြည်တွင် လူသုံးအများဆုံး ဆက်သွယ်ရေးလိုင်းတစ်ခုဖြစ်သည့် အူရီဒူး (Ooredoo) ကုမ္ပဏီသည် A Bank သို့အပြီးပိုင်ရောင်းချလိုက်ပြီဖြစ်ကြောင်း အူရီဒူး (Ooredoo) ကုမ္ပဏီနှင့်နီးစပ်သည့်အသိုင်းအဝိုင်းမှ သိရသည်။

ပြီးခဲ့သည့် ၂၀၂၂ ခုနှစ်တွင် ကာတာနိုင်ငံ ဒိုဟာမြို့အခြေစိုက် အူရီဒူးကုမ္ပဏီသည် ၎င်း၏ရင်းနှီးမြှုပ်နှံမှုကို ပြန်လည်ရောင်းချရန်စီစဉ်နေခြင်းဖြစ်ပြီး၊ Young Investment Group၊ စင်္ကာပူအခြေစိုက် Campana Group နှင့် Skynet ကုမ္ပဏီတို့မှလည်း ဝယ်ယူရန် စိတ်ဝင်စားနေခြင်းလည်း ဖြစ်သည်။

” A Bank ကိုရောင်းလိုက်တာဟုတ်တယ်။ Atom လိုနာမည်ပါပြောင်းမှာ။ အပြင်ကိုသတင်းမထုတ်ပြန်သေးတာပဲရှိတယ်” ဟု အူရီဒူး (Ooredoo) ကုမ္ပဏီမှ ဝန်ထမ်းတစ်ဦးကပြောသည်။

အူရီဒူးကို သုံးစွဲသူ ၂၀၂၀ ပြည့်နှစ်က ၁၅ သန်းဝန်းကျင်ရှိသည့်အတွက် မြန်မာနိုင်ငံတွင် တတိယအကြီးဆုံး ကုမ္ပဏီဖြစ်ကြောင်း ၂၀၂၀ ပြည့်နှစ်နောက်ပိုင်းတွင် သုံးစွဲသူ ကိုးသန်းသာရှိပြီး ဝင်ငွေမှာ အမေရိကန်ဒေါ်လာ သန်း ၃၃၀ ရှိကြောင်း သိရသည်။

ထို့ပြင် ပြီးခဲ့သည့် ၂၀၂၂ ခုနှစ်တွင် မြန်မာနိုင်ငံ၌ ရှစ်နှစ်ကြာလုပ်ကိုင်ခဲ့သည့် နော်ဝေအခြေစိုက် တယ်လီနော ကုမ္ပဏီသည် ၎င်း၏ဆက်သွယ်ရေးလုပ်ငန်း အားလုံးကို ရွှေဗျိုင်းဖြူကုမ္ပဏီနှင့် လက်ဘနွန်အခြေစိုက် M1 Group ထံ အမေရိကန်ဒေါ်လာ ၁၀၅ သန်းဖြင့် ရောင်းချခဲ့ပြီး မြန်မာပြည်မှ ထွက်ခွာခဲ့သည်။


Comments

Leave a Reply

Your email address will not be published. Required fields are marked *