ထိန်းချုပ်နယ်မြေမှာ ကျားဖြန့်လုပ်ငန်းတွေလုပ်နေတာကို မသိဘူးလို့ BGF/KNA ငြင်းဆို (ရုပ်/သံ)

ကရင်ပြည်နယ် မြဝတီခရိုင်အတွင်းက ကရင်အမျိုးသားတပ်မတော် (KNA) အမည် ပြောင်းလဲ ထားတဲ့ ကရင်ပြည်နယ် နယ်ခြားစောင့်တပ် BGF ထိန်းချုပ် နယ်မြေမှာ ကျားဖြန့်လုပ်ငန်းတွေ လုပ်ကိုင်နေတယ်ဆိုတာကို မသိရှိခဲ့ဘူးလို့ တပ်နယ် ၂ ဗျူဟာမှူး ဗိုလ်မှူးစောတင်ဝင်းက ငြင်းဆိုပါတယ်။

KNA အနေနဲ့ လုပ်ငန်းရှင်တွေကို မြေယာငှားရမ်းတာရှိပေမယ့် သူတို့ရဲ့ လုပ်ငန်းသဘောတရား တွေကို နားမလည်တာကြောင့် ကျားဖြန့်လုပ်ငန်းဆိုတာမသိဘူးလို့ ဧရာဝတီနဲ့ အင်တာဗျူးမှာ အခုလို ငြင်းဆိုလိုက်တာပါ။

အမေရိကန်အခြေစိုက် USIP အင်စတီကျုက ဧပြီလမှာထုတ်ပြန်တဲ့ အစီရင်ခံစာမှာ ကရင်နယ်ခြားစောင့်တပ် BGF ခေါင်းဆောင် ဗိုလ်မှူးကြီးစောချစ်သူ၊ ဗိုလ်မှူးမုတ်သုန်နဲ့ ဗိုလ်မှူးစောတင်ဝင်းတို့ဟာ တရုတ် ကြီးစိုးထားတဲ့ ကျားဖြန့်ဂိုဏ်းကို ထောက်ပံ့ပေးနေတယ်လို့ဆိုပါတယ်။

မေလ ၂၂ ရက်‌နေ့မှာ ထုတ်ပြန်လိုက်တဲ့ Justice For Myanmar ရဲ့ အစီရင်ခံစာမှာလည်း KNA ခေါင်းဆောင် ဗိုလ်မှုးကြီးစောချစ်သူက စံမြင့်နာမည်နဲ့ မိသားစုဝင်တွေ ရှယ်ယာခွဲဝေပိုင်ဆိုင်ထားတဲ့ ကရင် BGF/KNA တပ်ရဲ့ စီးပွားရေးလုပ်ငန်း ၆ ခုရှိပြီးနာမည်ဆိုးနဲ့ ကျော်ကြားတဲ့ ဆိုက်ဘာငွေလိမ်လုပ်ငန်းခြံဝန်းကြီး နှစ်ခုဖြစ်တဲ့ Apollo Park နဲ့ Yulong Bay Park တွေမှာ အနည်းစုရှယ်ယာရှင်အဖြစ် ပိုင်ဆိုင်ထားတယ်လို့ ဆိုထားပါတယ်။

ကရင် BGF/KNA တပ် နဲ့ စီးပွားရေးလုပ်ငန်းတွေ၊ စံမြင့် (ခေါ်) စောချစ်သူ နဲ့ သူ့မိသားစု အပါအဝင် အဓိကလူပုဂ္ဂိုလ်တွေကို အရေးတကြီး ဒဏ်ခတ်ပိတ်ဆို့မှုတွေ ချမှတ်ဖို့ကိုလည်း Justice For Myanmar က တောင်းဆိုထားပါတယ်။

Leave a Comment