မန္တလေးမှာ ရပ်ကွက်ရုံးကို တိုက်ခိုက်ချိန် စစ်အုပ်စုနဲ့ ပစ်ခတ်မှု ဖြစ်ပြီး UG ရဲဘော်တစ်ဦး ဖမ်းဆီးခံရ

မန္တလေးမြို့၊ ချမ်းအေးသာစံမြို့နယ်၊ (၅၆)လမ်းနဲ့ (၅၇)လမ်းကြား၊ (၂၇)လမ်းက ကျန်းမာရေး ရပ်ကွက်ရုံးကို ယမန်နေ့က ဝင်ရောက် တိုက်ခိုက်ချိန် စစ်အုပ်စုနဲ့ အပြန်အလှန် ပစ်ခတ်မှုဖြစ်ပြီး တော်လှန်ရေး ရဲဘော်တစ်ဦး ဖမ်းဆီး ခံလိုက်ရတယ်လို့ ပြည်သူ့ဘက်တော်သား ပျောက်ကြားတပ်ဖွဲ့က သတင်း ထုတ်ပြန်ပါတယ်။

နေအိမ်တွေအတွင်းရောက်နေတဲ့စစ်တပ်နဲ့ထိတွေ့မှုဖြစ်ပြီး ရဲဘော်တယောက်ဖမ်းဆီးခံလိုက်ရတယ်လို့ အဲဒီအဖွဲ့ဆီကနေသိရပါတယ်။

မေ(၂၃)ရက်၊ နေ့လည်(၂)နာရီခွဲက မန္တလေးမြို့၊ ချမ်းအေးသာစံမြို့နယ်၊ ကျန်းမာရေး ရပ်ကွက်ရုံးကို ပြည်သူ့ဘက်တော်သား ပျောက်ကြားတပ်ဖွဲ့ ရဲဘော်တွေက တိုက်ခိုက်ချိန် ရပ်ကွက်ရုံးဘေးက နေအိမ်တွေမှာ ကင်းပုန်း ဝပ်ပြီး အရပ်သား ဟန်ဆောင်ထားတဲ့ စစ်အုပ်စုက ထွက်လာပြီး ပစ်ခတ်တာလို့ ဆိုပါတယ်။

“စစ်တပ်က ရပ်ကွက်ရုံးဘေးက နေအိမ်တွေမှာ ကင်းပုန်း ဝပ်နေတာ။ ရပ်ကွက်ရုံးထဲကို ကျွန်တော်တို့ ရဲဘော်တွေ ဝင်ဝင်ချင်းမှာ အဲဒီကောင်တွေက ထွက်လာပြီး ပစ်တာ” လို့ ပြည်သူ့ဘက်တော်သား ပျောက်ကြားတပ်ဖွဲ့ တာဝန်ရှိသူတစ်ဦးကပြောပါတယ်။

အဲ့ဒီ ရပ်ကွက်ရုံးကို ဝင်ရောက် တိုက်ခိုက်ချိန် အပြန်အလှန် ပစ်ခတ်မှုအတွင်း စစ်အုပ်စု တစ်ယောက် ဒဏ်ရာရတယ်လို့ ဆိုပါတယ်။

“စစ်သားတစ်ယောက် ထိပြီး ဒဏ်ရာပြင်းတယ်။ ကျွန်တော်တို့ ရဲဘော်တစ်ယောက်လည်း မထွက်နိုင်လိုက်ဘဲ အဖမ်းခံလိုက်ရတယ်” လို့ ပြည်သူ့ဘက်တော်သား ပျောက်ကြားတပ်ဖွဲ့ တာဝန်ရှိသူက ပြောပါတယ်။

မေ(၂၃)ရက်က အဲ့ဒီ ကျန်းမာရေးရပ်ကွက်ရုံးဘက်မှာ ပစ်ခတ်သံ ကြားရတယ်လို့ ဒေသခံတစ်ဦးက ဆိုပါတယ်။

ပြည်သူ့ဘက်တော်သား ပျောက်ကြားတပ်ဖွဲ့အနေနဲ့ အာဏာသိမ်း စစ်အုပ်စုနဲ့ စစ်အုပ်စု လက်အောက်ခံတွေကို ဆက်လက် တိုက်ခိုက်မယ်လို့ ဆိုပါတယ်။

စစ်အုပ်စုဟာ အာဏာသိမ်းပြီးကတည်းက မန္တလေးက ရပ်ကွက်ရုံးတွေမှာ ဂိတ်ဖွင့်ကာ ပြည်သူကို လက်နက်ပြ မိုက်ကြေးခွဲ ဖမ်းဆီးငွေညှစ်တာ၊ ပေါ်တာဆွဲတာ၊ စိတ်ထင်တိုင်း ပစ်ခတ်သတ်ဖြတ်တာတွေ ကျူးလွန်နေတာ ဖြစ်ပါတယ်။

ပြီးခဲ့တဲ့ လတွေအတွင်း စစ်အုပ်စုဟာ သူတို့ ဖမ်းမိတဲ့ တော်လှန်ရေး ရဲဘော်တွေကို သတ်ဖြတ် အလောင်း စွန့်ပစ်တာတွေ လုပ်ခဲ့ပါတယ်။

ပြည်သူ့ဘက်တော်သား ပြောက်ကျားတပ်ဖွဲ့ရဲ့ ထုတ်ပြန်ချက်နဲ့ မန္တလေးမြို့ အလယ်ပိုင်းတိုင်း စစ်ဌာနချုပ် – လပခ ထဲက စစ်အုပ်စု/Photo – CJ၊ စစ်အုပ်စု


Comments

Leave a Reply

Your email address will not be published. Required fields are marked *