မြန်မာ-အိန္ဒိယ နယ်စပ်မြို့တွေ ဖြစ်တဲ့တွန်းဇံနဲ့ကျီခါး မြို့သိမ်းတိုက်ပွဲတွေမှာ ချင်းတော်လှန်ရေးရဲဘော် (၁၁)ဦးထိကျဆုံးခဲ့ရ

ချင်းပြည်၊ တွန်းဇံမြို့နဲ့ ကျီခါးမြို့သိမ်း တိုက်ပွဲတွေအတွင်း ချင်းတော်လှန်ရေးရဲဘော် (၁၁)ဦး ကျဆုံးတယ်လို့ ဒေသခံ စစ်ရေး သတင်းရင်းမြစ်တွေကပြောပါတယ်။

မြန်မာ-အိန္ဒိယ နယ်စပ်မြို့တွေ ဖြစ်တဲ့ တွန်းဇံနဲ့ ကျီခါးမြို့ကို မေ(၁၅)ရက်က စတင်ပြီး ချင်းတော်လှန်ရေး တပ်တွေက မြို့သိမ်းတိုက်ပွဲ ဆင်နွှဲခဲ့ရာ ကျီခါးမြို့ကို မေ(၂၀)ရက်က သိမ်းပိုက်နိုင်ခဲ့ပြီး တွန်းဇံမြို့ကို မေ(၂၁)ရက်မှာ သိမ်းပိုက်နိုင်ခဲ့တာ ဖြစ်ပါတယ်။

အဲ့ဒီ တွန်းဇံနဲ့ ကျီခါး မြို့သိမ်း၊ စခန်းသိမ်း တိုက်ပွဲတွေအတွင်း ကျဆုံးတဲ့ တော်လှန်ရေး ရဲဘော်တွေဟာ ချင်း အမျိုးသား တပ်ဦး – CNF တပ်ဖွဲ့ဝင် ရဲဘော်နှစ်ဦး၊ ချင်းအမျိုးသား ကာကွယ်ရေးတပ် – CDF – ထန်တလန် တပ်ဖွဲ့ဝင် ရဲဘော် သုံးဦး၊ CDF – KKG (ကလေး၊ကဘော်၊ဂန့်ဂေါ) တပ်ဖွဲ့ဝင် ရဲဘော်တစ်ဦး၊ CDF- Hualngoram တပ်ဖွဲ့ဝင် တစ်ဦး၊ CDF- Khamphat (ခမ်းပတ်) တပ်ဖွဲ့ဝင် တစ်ဦး၊ CDF-Zanniatram တပ်ဖွဲ့ဝင် ရဲဘော်တစ်ဦး၊ CDF-ဟားခါး တပ်ဖွဲ့ဝင် နှစ်ဦး၊ စုစုပေါင်း (၁၁)ဦး ဖြစ်တယ်လို့ ဆိုပါတယ်။

ကျဆုံးရဲဘော် (၁၁)ဦးအနက် ရှစ်ဦးဟာ လေကြောင်းတိုက်ခိုက်ခံရလို့ ကျဆုံးတာလို့ စစ်ရေးသတင်းရင်းမြစ်က ပြောပါတယ်။

“ဆလိုင်းကျုံးထန်း၊ ဦးမှားငိုက်ဇာအိုအာက ပြီးခဲ့တဲ့ သုံးရက်လောက် တုန်းက ကျတာ။ လေကြောင်းနဲ့ လာပစ်လို့ ကျဆုံးတာ ရှစ်ယောက်၊ အားလုံး(၁၁)ယောက် ကျဆုံးသွားတယ်”

တွန်းဇံနဲ့ ကျီခါး မြို့သိမ်း တိုက်ပွဲတွေအတွင်း စစ်အုပ်စု ဘက်ကလည်း အသေအပျောက် များပြီး ကျီခါး မြို့သိမ်း တိုက်ပွဲမှာ စစ်အုပ်စုနဲ့ စစ်အုပ်စု လက်အောက်ခံ ZRA အဖွဲ့ဝင်တွေ စုစုပေါင်း သုံးယောက် ဖမ်းမိကာ အလောင်း (၁၀)လောင်းခန့်နဲ့ လက်နက်တွေ ရရှိသလို တွန်းဇံမြို့သိမ်း တိုက်ပွဲမှာလည်း စစ်အုပ်စု (၃၅)ယောက် ဖမ်းမိပြီး အလောင်း(၂၁)လောင်း၊ လက်နက် အများအပြားနဲ့ ငွေကျပ်သိန်း(၃၀၀၀)ကျော် သိမ်းဆည်း ရရှိတယ်လို့ ဒေသခံ စစ်ရေး သတင်းရင်းမြစ်တွေကပြောပါတယ်။

ချင်းပြည် တွန်းဇံနဲ့ ကျီခါး မြို့သိမ်းတိုက်ပွဲတွေအတွင်း ကျဆုံးတဲ့ တော်လှန်ရေး ရဲဘော်တွေထဲက တချို့/Photo – CJ


Comments

Leave a Reply

Your email address will not be published. Required fields are marked *