မြိုင်မြို့ပေါ်တွင် ကင်းထွက်လာသော စစ်ကောင်စီတပ် တိုက်ခိုက်ခံရ၊ ဗိုလ်မှူးတစ်ဦး လက်တစ်ဖက် ပြတ်ဟုဆို

မကွေးတိုင်း၊ မြိုင်မြို့ ၊ သစ်တောရုံးအခြေစိုက် စစ်သားများ ကင်းပတ်ထွက်လာစဉ် အသင့်စောင့် ဆိုင်းတိုက်ခိုက်ခဲ့ရာ ဗိုလ်မှူးတစ်ဦး လက်တစ်ဖက်ပြတ်သွားကြောင်း မြိုင်ပကဖ က သတင်းထုတ်ပြန်သည်။

မေလ ၂၃ရက်၊မွန်းလွဲနှစ်နာရီခန့်တွင် သစ်တောရုံး အခြေစိုက် စစ်သားနှင့် ပျူစောထီးစုစုပေါင်း ခုနှစ်ဦး ကင်းပတ်ထွက်လာစဉ် မြိုင်ပကဖ ၏ ဗိုလ်မိုက်ခဲ အဖွဲ့နှင့် ဘပြောင်အဖွဲ့တို့က အသင့်စောင့်ကြို မိုင်းဆွဲခဲ့ခြင်း ဖြစ်သည်။

“ သူတို့ ( စစ်ကောင်စီ တပ်သား) က အမြဲ ကင်းမပတ်ဘူး။ တစ်ခါ တစ်ခါမှ ပတ်တာ။ ကျတော်တို့ ရဲဘော်တွေက အမြဲစောင့်ကြည့်နေတယ်။ အခုမှ ရောက်လာပြီး မိုင်းဆွဲ လိုက်နိုင်တာပါ” ဟု မြိုင်ပကဖ၊ သတင်းနှင့် ပြန်ကြားရေးတာ၀န်ခံ ရဲဘော်သုတကပြောသည်။

မိုင်းဆွဲတိုက်ခိုက်ခြင်းကြောင့် ဗိုလ်မှူးသက်ဝေထွန်းမှာ ဘယ်လက်တစ်ဖက် ဖြတ်တောက်ခဲ့ရပြီး ကျန် ၆ ဦးမှာလည်း ပြင်းထန်ဒဏ်ရာ ရရှိခဲ့ကြောင်း သိရသည်။

“ ကျတော်တို့ ရဲဘော်တွေကတော့ မိုင်းဆွဲပြီး တန်းဆုတ်တာပဲ။ အဲအချိန် သစ်တောရုံးထဲက ‌စစ်သားတွေ ထွက်လာပြီး သူတို့ လူတွေ ဆွဲထုတ်၊ သေနတ်တွေ ပစ်ဖောက်တယ်” ဟု ၎င်းက ဆက်လက်ပြောသည်။

ယင်းသစ်တောရုံး အနီးဝန်းကျင်သို့ ပြည်သူများ အသွားအလာရှိသဖြင့် စစ်သားများနှင့် အနီးကပ် နေထိုင်သွားလာခြင်း မပြုလုပ်ရန် မြိုင်ပကဖ က အသိပေးထားသည်။

“ မြို့ပေါ်က ကြားနေ ပြည်သူတွေလည်း ရှိနေသေးတယ်။အခု သစ်တောရုံးက မြို့ရဲ့ အရှေ့မြောက်ပိုင်းမှာ ရှိတယ်။ ပြည်သူတွေအသွားအလာ ရှိတယ်။ အဲတော့ ကာကွယ်ရေးအဖွဲ့ တွေလည်း လုပ်ချင်တိုင်းလုပ်မရဘူး။ ပြည်သူကို ငဲ့နေရတယ်” ဟု မြိုင်မြို့နယ်အတွင်းရှိ ကာကွယ်ရေး ရဲဘော်တစ်ဦးက ပြောသည်။

သစ်တောရုံးသည် မြိုင်မြို့၏ မြို့စောင့်ဂိတ်တစ်ခု ဖြစ်ပြီး စစ်သားနှင့်ပျူစောထီး စုစုပေါင်း၁၅ဦးကျော် ရှိကြောင်း သိရသည်။


Comments

Leave a Reply

Your email address will not be published. Required fields are marked *