တနင်္သာရီမြို့နယ်ထဲက စာသင်ကျောင်းတချို့ကို ရပ်မိရပ်ဖထောက်ခံချက်ရမှဖွင့်ဖို့ ညွှန်ကြားထား

တနင်္သာရီမြို့နယ်ထဲက ကျေးရွာတချို့မှာ ရပ်မိရပ်ဖက ထောက်ခံချက်ပေးမှ ကျောင်းဖွင့်ဖို့ ညွှန်ကြားထားတယ်လို့ ဒေသခံတွေက ပြောပါတယ်။

ပြီးခဲ့တဲ့ တစ်ပတ်လောက်ကစလို့ ကျေးရွာတချို့က ကျောင်းအုပ်တွေကို မြို့နယ်ပညာရေးဦးစီးဌာနတာဝန်ရှိသူတွေက အစည်းအဝေးခေါ်ပြီး အခုလိုနှုတ်မိန့်နဲ့ ညွှန်ကြားတာဖြစ်တယ်လို့ အစည်းအဝေးတက်ခဲ့သူတွေဆီက သိရပါတယ်။

“ရပ်မိရပ်ဖထောက်ခံချက်သာမရရင်ဘာမှဆက်လုပ်လို့မရပါဘူး။ ရပ်မိရပ်ဖက ဘယ်လိုကတိကဝတ်တွေပေးမလဲ၊ သူတို့ရဲ့ကတိကဝတ်တွေက ဘယ်လောက်ထိခိုင်မာလဲဆိုတဲ့အချက်တွေပေါ်မူတည်ပြီး ကျောင်းအုပ်ဆရာတွေက စိစစ်ဆုံးဖြတ်ရမှာပါ။” လို့ တနင်္သာရီမြို့နယ်က ကျောင်းအုပ်တစ်ဦးက ပြောပါတယ်။

ရပ်မိရပ်ဖဆီက ထောက်ခံချက်ဆိုတာဟာ ဖွင့်ထားတဲ့ကျောင်းရှိတဲ့ရွာမှာ တော်လှန်ရေးအင်အားစုတွေဘက်က စစ်ရေးလှုပ်ရှားမှုတွေလာမလုပ်ဖို့၊ ပညာသင်ယူနေတဲ့ကလေးတွေအနေနဲ့ စစ်ရေးကြောင့်တစုံတရာထိခိုက်မှုမဖြစ်ဖို့ ဆိုတဲ့အချက်နှစ်ချက်ကို အဓိက ထောက်ခံချက်ပေးရမှာဖြစ်တယ်လို့ ကျောင်းအုပ်ဆရာနဲ့ ရပ်မိရပ်ဖအသိုင်းအဝိုင်းဆီက သိရပါတယ်။

ပညာရေးဌာနက အခုလိုညွှန်ကြားထားတဲ့ကျောင်းတွေဟာ စစ်ကောင်စီရဲ့ စိုးမိုးနယ်မြေထဲက ကျေးလက်ဒေသက ကျောင်းတွေဖြစ်တယ်လို့ ဒေသခံတွေက ဆိုပါတယ်။

ကျောင်းဖွင့်တဲ့ရွာတွေမှာ တော်လှန်ရေးအင်အားစုတွေသာ စစ်ရေးလှုပ်ရှားမှုတွေမလုပ်ရင် စစ်ကောင်စီတပ်တွေအနေနဲ့လည်း ပစ်ခတ်မှုလုပ်မှာမဟုတ်တဲ့အကြောင်းကို စစ်ကောင်စီတပ်ဘက်က ပညာရေးဌာနတာဝန်ရှိသူတွေကို ပြောဆိုထားတဲ့အကြောင်း
ကျောင်းအုပ်ဆရာနဲ့ ရပ်မိရပ်ဖအသိုင်းအဝိုင်းက ပြောပါတယ်။

ရပ်မိရပ်ဖတွေကလည်း ကျောင်းဖွင့်ဖို့ ထောက်ခံချက်ပေးဖို့အတွက် အခက်အခဲတွေရှိနေတယ်လို့ ဆိုပါတယ်။

ဥပမာအနေနဲ့ တနင်္သာရီမြို့နယ်က ကျေးလက်ဒေသတွေမှာ တရားပွဲလုပ်တာ ဒါမှမဟုတ် အရေးပေါ်ဆေးဝါးသယ်ယူချင်တယ်ဆိုရင် ရပ်မိရပ်ဖ ငါးဦးခန့်က ကိုယ့်ရပ်ရွာနဲ့အနီးဆုံးစစ်ကောင်စီတပ်ရင်းနဲ့ တော်လှန်ရေးအင်အားစုတွေ သွားပြီးခွင့်ပြုချက်တောင်းရတာမျိုးရှိတယ်လို့ ဒေသခံတွေက ပြောပါတယ်။

တကယ်လို့ အမှားအယွင်းတစုံတရာဖြစ်ခဲ့ရင် ညှိုနှိုင်းပေးခဲ့တဲ့ ရပ်မိရပ်ဖတွေက တာဝန်ယူဖြေရှင်းပေးရတာဖြစ်ပြီး မဖြေရှင်းနိုင်ရင် ဖမ်းဆီးထောင်ချခံရတာ၊ ငွေနဲ့ ဖြေရှင်းရတာတွေရှိတယ်လို့ ဒေသခံတွေရဲ့ ပြောပြချက်အရသိရပါတယ်။

“အမှားအယွင်းဆိုတာကဗျာ တရားပွဲလုပ်ဖို့ ဘုန်းကြီးငါးပါးပင့်မယ်ဆိုပြီး စစ်တပ်ဘက်ကိုအကြောင်းကြားထားတယ်။ တကယ်တမ်းလုပ်တော့ တစ်ပါးလောက်ပိုပင့်မိလိုက်တယ်ပေါ့ အဲဒါကို စစ်တပ်ဘက်ကသိသွားခဲ့ရင် စကားအတော်ပြောရတယ်ဗျ။ စကားနဲ့မပြီးရင်ပိုက်ဆံနဲ့ပြီးရတာတွေရှိတယ်။” လို့ ဒေသခံအမျိုးသားတစ်ဦးက ပြောပါတယ်။

အဲဒီလို အခက်အခဲတွေရှိတဲ့အတွက် တချို့ကျေးရွာတွေမှာ စာသင်ကျောင်းတွေဖွင့်ဖို့ အတွက်ကို ရပ်မိရပ်ဖတွေအနေနဲ့ တာဝန်ယူညှိနှိုင်းပေးတာမျိုး၊ ထောက်ခံပေးတာမျိုး ဒီကနေ့အထိမရှိသေးဘူးလို့ ဒေသံတွေဆီက သိရပါတယ်။

“လက်နက်ကြီးကျည် စာသင်ကျောင်းခေါင်မိုးပေါ်ကျလာရင် ဘယ်သူမှအာမခံနိုင်ဘူး။ ကျောင်းခေါင်မိုးက ကျည်ဒဏ်ခံနိုင်တာမဟုတ်ဘူး။” လို့ ဒေသခံ ရပ်မိရပ်ဖတစ်ဦးက ပြောပါတယ်။

စစ်ကောင်စီကတော့ လာမယ့် ဇွန်လ ၃ ရက်နေ့မှာ အခြေခံပညာကျောင်းအားလုံးဖွင့်လှစ်မှာဖြစ်ပြီး ကျောင်းအပ်လက်ခံတာကို အခုလ ၂၃ ရက်နေ့ကနေ ဇွန်လ ၂ ရက်နေ့အထိလို့ သတ်မှတ်ထားပါတယ်။

တစ်နိင်ငံလုံးအတိုင်းအတာနဲ့ စစ်ကောင်စီထိန်းချုပ်နယ်မြေက စာသင်ကျောင်းတွေမှာ ကျောင်းအပ်လက်ခံနေပြီဖြစ်ပေမယ့် တနင်္သာရီမြို့နယ်က ကျေးရွာတချို့မှာ ရပ်မိရပ်ဖရဲ့ထောက်ခံချက်ရဖို့ကို ဆွေးနွေးနေဆဲဖြစ်ပါတယ်။

စစ်ကောင်စီက အပြည့်အဝထိန်းချုပ်ထားနိုင်တဲ့ တနင်္သာရီမြို့ပေါ်မှာရှိတဲ့ စာသင်ကျောင်းတွေမှာတော့ အခုလ ၂၃ ရက်နေ့ကစပြီး ကျောင်းအပ်လက်ခံနေပြီလို့ ဆိုပါတယ်။

တနင်္သာရီတိုင်းထဲက နယ်မြေဧရိယာအကျယ်ပြန့်ဆုံးဖြစ်တဲ့ တနင်္သာရီမြို့နယ်မှာ ကျေးရွာအများစုကို တော်လှန်ရေးတပ်တွေက စိုးမိုးထားပြီး တချို့ရွာတွေနဲ့ မြို့ပေါ်ဧရိယာကိုတော့ စစ်ကောင်စီတပ်က စိုးမိုးထားပါတယ်။

တော်လှန်ရေးတပ်တွေစိုးမိုးထားတဲ့ကျေးရွာတချို့မှာတော့ အမျိုးသားညီညွတ်ရေးအစိုးရ စာသင်ကျောင်းတွေဖွင့်ထားပြီး အဲဒီကျောင်းတွေမှာတော့ ကျောင်းဖွင့်နေပြီဖြစ်တယ်လို့ NUG ကျောင်းတွေမှာပညာသင်ကြားနေတဲ့ ကျောင်းဆရာအသိုင်းအဝိုင်းဆီက သိရပါတယ်။


Comments

Leave a Reply

Your email address will not be published. Required fields are marked *