ကျားဖြန့် လုပ်ငန်းများက နှစ်စဉ် အမေရိကန်ဒေါ်လာ ၃ ဒသမ ၈ ဘီလီယံ လိမ်လည်နေပြီး BGF က ဒေါ်လာ သန်း ၇၀၀ ကျော်ရရှိဟု USIP ပြော

စစ်ကောင်စီ လက်အောက်ခံ BGF ထိန်းချုပ် ထားသည့် နယ်မြေအတွင်းရှိ ကျားဖြန့် လုပ်ငန်းများက နှစ်စဉ် အမေရိကန်ဒေါ်လာ ၃ ဒသမ ၈ ဘီလီယံ လိမ်လည်နေပြီး BGF က ဒေါ်လာ သန်း ၇၀၀ ကျော်ရရှိဟု USIP ပြော

အကြမ်းဖက် စစ်ကောင်စီ လက်အောက်ခံ ကရင်နယ်ခြားစောင့်တပ်ဖွဲ့ (BGF) က ထိန်းချုပ်ထားသည့် နယ်မြေအတွင်းမှ ကျားဖြန့် လုပ်ငန်းများက နှစ်စဉ် အမေရိကန်ဒေါ်လာ ၃ ဒသမ ၈ ဘီလီယံ လိမ်လည်နေပြီး BGF က ဒေါ်လာ သန်း ၇၀၀ ကျော် ရရှိနေကြောင်း US Institute for International Peace (USIP)မှ မြန်မာနိုင်ငံဆိုင်ရာ ဒါရိုက်တာ Jason Tower က မေ ၂၂ ရက်နေ့ Organized Crime and Corruption Reporting Project (OCCRP) သို့ ပြောဆိုသည်။

ဗိုလ်မှူးကြီး စောချစ်သူ ဦးဆောင်သော BGF အတွက် အကြီးမားဆုံး အမြတ်ငွေမှာ တရုတ် ရာဇ၀တ်ဂိုဏ်းများ ကျောထောက်နောက်ခံပြုထားသော အွန်လိုင်းကာစီနိုနှင့် အွန်လိုင်းကျားဖြန့် လုပ်ငန်းများမှ ဖြစ်ကြောင်း၊ BGF ထိန်းချုပ်ထားသော အွန်လိုင်း ရာဇ၀တ်ဂိုဏ်းများက နှစ်စဉ် အမေရိကန်ဒေါ်လာ ၃ ဒသမ ၈ ဘီလီယံ ရရှိနေပြီး BGF အမေရိကန်ဒေါ်လာ သန်း ၇၀၀ ကျော် ရရှိနိုင်ကြောင်း US Institute for International Peace (USIP)မှ မြန်မာနိုင်ငံဆိုင်ရာ ဒါရိုက်တာ Jason Tower က ပြောဆိုသည်။

ရှမ်းပြည်နယ်မြောက်ပိုင်းတွင် တရုတ်၏ နှိမ်နင်းမှုများကြောင့် အွန်လိုင်း ငွေလိမ်လည်ဂိုဏ်းများ(ကျားဖြန့်) သည် ကရင်ပြည်နယ်သို့ ရွှေ့ပြောင်းနေပြီး စစ်တပ်လက်အောက်ခံ နယ်ခြားစောင့်တပ် BGF ခေါင်းဆောင်ဗိုလ်မှူးကြီးစောချစ်သူ၊ မုတ်သုံ၊ တင်ဝင်း၊ စိုင်းကျော်လှ၊ ရော်ဂျာခင်တို့က အဓိကပါဝင်ပတ် သက်နေသူများအဖြစ် အမေရိကန် United States Institute of Peace (USIP) က ဧပြီလ ၂၂ ရက်နေ့တွင် အစီရင်ခံဖော်ပြခဲ့သည်။

တရုတ်နိုင်ငံ၏ အရေးယူမှုများကြောင့် ရှမ်းပြည်မြောက်ပိုင်းနှင့် တရုတ်-မြန်မာ နယ်စပ်တလျှောက်ရှိ အွန်လိုင်းငွေလိမ်လည်ဂိုဏ်းများသည် လုပ်ငန်းများကိုပိတ်သိမ်းကာ ကရင်ပြည်နယ်သို့ ပြောင်းရွှေ့နေကြောင်း၊ အွန်လိုင်းငွေလိမ် လည်ကြသည့် အစုအဖွဲ့တချို့က လာအိုနှင့် ကမ္ဘောဒီးယားနိုင်ငံတို့တွင် ပြန် လည် စုစည်းတည်ထောင်နေကြပြီး အချို့မှာ ရှမ်းပြည်အရှေ့ပိုင်း တာချီလိတ်ရှိ UWSA နှင့် မိုင်းလားအဖွဲ့များ ထိန်းချုပ်ထားသော နေရာများတွင် လုပ်ငန်းများ ပြောင်းရွှေ့လုပ်ကိုင်ကြကြောင်း၊ သို့သော် အများစုသော အွန်လိုင်းငွေလိမ်ဂိုဏ်းများသည် ထိုင်း-မြန်မာနယ်စပ် ကရင်ပြည်နယ်သို့ ရွှေ့ပြောင်းကာ စစ်တပ်လက်အောက်ခံ BGF တပ်များက အကာအကွယ်ပေးခဲ့ကြောင်း သိရှိရသည်။

ကရင်ပြည်နယ်တွင် ပြောင်းရွှေ့နေသော အွန်လိုင်းငွေလိမ်ဂိုဏ်းများက အမေရိကန်နိုင်ငံကို ပစ်မှတ်ထားလာပြီး အမေရိကန်အစိုးရအနေဖြင့် မြန်မာ့အိမ်နီး ချင်းနိုင်ငံများနှင့်အတူ နိုင်ငံပေါင်းစုံပါဝင်သော ရာဇဝတ်နှိမ်နင်းရေးအဖွဲ့များ ဖွဲ့စည်းရန် တိုက်တွန်းရမည်ဖြစ်ကြောင်း USIP က အကြံပြုခဲ့သည်။

၂၀၂၃ ခုနှစ် မေလမှ ၂၀၂၄ ခုနှစ် ဇန်နဝါရီလအတွင်း ရှမ်းပြည်နယ်မြောက်ပိုင်း ကိုးကန့်၊ မိုင်းလားနှင့် ဝ နယ်မြေများရှိ နယ်စပ်တလျှောက်ရှိ ငွေလိမ်ဂိုဏ်းများကို တရုတ်နိုင်ငံက အရေးယူခဲ့ကြောင်း၊ တရုတ်နိုင်ငံ၏ သဘောတူညီချက်ဖြင့် MNDAA နှင့်မဟာမိတ်တပ်များက စစ်တပ်လက်အောက်ခံ ကိုးကန့် BGF ကို မောင်းထုတ်နိုင်ခဲ့ပြီး စစ်တပ်စခန်းရာပေါင်းများကိုလည်း သိမ်းပိုက်နိုင်ခဲ့ကြောင်း၊ တရုတ်က ဖမ်းဆီးထားသည့် ကိုးကန့် BGF ခေါင်းဆောင်များကို စစ်ဆေးမေးမြန်းမှုမှ ရရှိသည့် အချက်အလက်များအပေါ် အခြေခံ၍ မြန်မာစစ်တပ်မှ အကြီးတန်းအရာရှိများကို ဖမ်းဆီးအရေးယူရန် တရုတ်အာဏာပိုင်များက မြန်မာစစ်ကောင်စီကို ဖိအားပေးနေကြောင်း သိရှိရသည်။

ကရင်ပြည်နယ်အတွင်း မြဝတီမြို့အနီးတဝိုက်မှ ငွေလိမ်ဂိုဏ်းနှင့်ပတ်သက်နေသော တရုတ်နိုင်ငံသား ၉၀၀ ကျော်ကို ပြန်လည်လက်ခံရေးအတွက် တရုတ်အာဏာပိုင်များက မြန်မာစစ်ကောင်စီ၊ ထိုင်းအာဏာပိုင်များနှင့်အတူ ပူးပေါင်းဆောင်ရွက်ခဲ့ကြောင်း၊ သို့ရာတွင် ရှမ်းပြည်နယ်မြောက်ပိုင်းကဲ့သို့ ငွေလိမ်ဂိုဏ်းနှင့်ပတ်သက်နေသော ကရင် BGF ခေါင်းဆောင်များ၊ အခြားပြည်သူ့စစ်ခေါင်းဆောင်များကို ဖမ်းဝရမ်းထုတ်ခြင်းမရှိကြောင်း သိရှိရသည်။

လတ်တလော ကရင်ပြည်နယ်တွင် တရုတ်များ ဦးဆောင်သော အွန်လိုင်းငွေလိမ်လည်ဂိုဏ်းများ ကြီးထွားလာနေကြောင်း၊ အွန်လိုင်းငွေလိမ်ဂိုဏ်းများကို လက်ခံရာတွင် BGF ၏ အဓိက ခေါင်းဆောင် ၃ ဦးက အဓိကပါဝင်နေကြောင်း USIP က ဆိုသည်။

KNA အသွင်ပြောင်း BGF၏ အဓိကခေါင်းဆောင် ပုဂ္ဂိုလ် သုံးဦးဖြစ်သည့် ဗိုလ်မှူးကြီး စောချစ်သူ၊ ဗိုလ်မှူး မုတ်သုန်နှင့် ဗိုလ်မှူးတင်ဝင်းတို့သည် တရုတ် အွန်လိုင်းငွေလိမ်ဂိုဏ်းများကို လက်ခံရာတွင် အဓိကပါဝင်သူများဖြစ်ကြောင်း၊ ဗိုလ်မှူးတင်ဝင်းက တရုတ်ရာဇဝတ်ဂိုဏ်းများအတွက် ထိုင်းနိုင်ငံမှ လျှပ်စစ်မီးနှင့် အင်တာနက် လိုင်းရရှိစေရေး ဆောင်ရွက်ပေးကြောင်း၊ စောချစ်သူနှင့်အတူ ဗိုလ်မှူး တင်ဝင်းက တရုတ်ငွေလိမ်ဂိုဏ်းများမှ အကျိုးအမြတ်များနှင့် ထောက်ပို့ မှုများကို စုစည်းရယူကြောင်း သိရှိရသည်။

ထို့ပြင် နာမည်ဆိုးဖြင့်ကျော်ကြားသော KK Park Project သည် အမေရိကန်လူမျိုးများကို ပစ်မှတ်ထားသည့် လိမ်လည်လှည့်ဖြားမှုများတွင် ကြီးကြီးမားမားပါဝင်နေကြောင်း၊ BGF ဗိုလ်မှူး တင်ဝင်းသည် Huanya Project တွင် KNLA မှ ရော်ဂျာခင်နှင့်အတူ ပါဝင်ခဲ့ကြောင်း USIP က ဖော်ပြထားသည်။

အွန်လိုင်းငွေလိမ်ဂိုဏ်းများ လည်ပတ်နေသည့်နေရာများတွင် အလွန်အမင်း လူ့အခွင့်အရေးချိုးဖောက်မှုများ ရှိနေပြီး ဒုဗိုလ်မှူးကြီး မုတ်သုန်မှာလည်း စောချစ်သူတန်းတူ အဓိက ဦးဆောင်ပါဝင်သူဖြစ်ကြောင်း ဖော်ပြထားသည်။

ထို့ပြင် DKBA မှ စိုင်းကျော်လှကလည်း ကျားဖြန့်လုပ်ငန်းများတွင် အဓိကကျူးလွန်သူအဖြစ်ပါဝင်ကြောင်း၊ စိုင်းကျော်လှသည် ရှမ်းပြည်နယ် မြောက်ပိုင်းမှဖြစ်ပြီး ယခင်က ရာဇဝတ်မှတ်တမ်း ရှိသူဖြစ်ကြောင်း၊ ၎င်းသည် ၂၀၁၀ ခုနှစ်တွင် ကရင်နယ်မြေသို့ ပြောင်းရွှေ့နေထိုင်ပြီးနောက် DKBA ခေါင်းဆောင် ဗိုလ်မှူးချုပ်အဖြစ် ပေါ်ထွက်လာခဲ့ကြောင်း၊ ၎င်းက တရုတ်မာဖီးယားဂိုဏ်း TransAsia International ကုမ္ပဏီကို တရုတ်နိုင်ငံ Sihanoukville မှ မဲဆောက်သို့ ၂၀၂၀ ခုနှစ်တွင် ပြောင်းရွှေ့စေခဲ့ပြီး Taichang Zone ကို ထူထောင်ခဲ့ကြောင်း ၊ အဆိုပါ ငွေလိမ်လည်ဂိုဏ်းတည်ရှိရာ ဇုန်သည် သောင်ရင်းမြစ်ကမ်းဘေးမှ ထိုင်းဘက်ခြမ်းရှိ Wat Chong Khaep အထိ ကျယ်ပြန့်ကြောင်း၊ ၂၀၂၃ ခုနှစ်အစောပိုင်းတွင် လုပ်ငန်းများ အလွန်အမင်းကြီးထွားလာကြောင်း သိရှိရသည်။

အွန်လိုင်း ငွေလိမ်လည်ဂိုဏ်းနှင့်ဆက်စပ်နေသော KNLA ပုဂ္ဂိုလ်မှာ KNU တပ်မဟာ ၇ မှ စောရော်ဂျာခင်ဖြစ်ကြောင်း၊ KNLA တပ်မဟာ ၇ မှ အကြီးတန်းအရာရှိ ရော်ဂျာခင်သည် နာမည်ဆိုးဖြင့်ကျော်ကြားသည့် Huanya စီမံကိန်းတွင် ပါဝင်ပတ်သက်နေသည့် အဓိကပုဂ္ဂိုလ်ဖြစ်ကြောင်း၊ ဤစီမံကိန်းတွင် BGF ဗိုလ်မှူးတင်ဝင်း လည်း ပါဝင်ကောင်း၊ ရော်ဂျာခင်သည် KK Park ပရောဂျက်တွင် ပါဝင်ပတ်သက်သည်ဟုလည်း ဆိုထားသော်လည်း သက်သေမရှိသေးကြောင်း၊ Roger Khin သည် DKBA နှင့် ပူးပေါင်းဆောင်ရွက်သည့် TransAsia International ကုမ္ပဏီကို ထိန်းချုပ်သည့် တရုတ်မာဖီးယားအဖွဲ့နှင့် အဓိက ပူးပေါင်းလုပ်ကိုင်ကြောင်း ဖော်ပြထားသည်။

ကရင်ပြည်နယ်ရှိ လိမ်လည်အဖွဲ့အစည်း အများစုသည် စောချစ်သူ၏ နယ်ခြားစောင့်တပ်ဖွဲ့ ထိန်းချုပ်နယ်မြေများတွင် လည်ပတ်နေပြီး ယခုအခါ BGF ကို KNA အဖြစ် နာမည်ပြောင်းထားကြောင်း၊ တပ်ဖွဲ့ဝင်အင်အား ၈,၀၀၀ ကျော်ဖြင့် အင်အားကောင်းသောBGF/KNA ကို KNU နှင့် စစ်တပ်ကပါ တိုက်ရိုက် ပဋိပက္ခဖြစ်ပွားရန် ဆန္ဒမရှိကြောင်း USIP က ဆိုသည်။

ဓာတ်ပုံ- BGF ခေါင်းဆောင် ဗိုလ်မှူးကြီးစောချစ်သူ၏ မိသားစု။


Comments

Leave a Reply

Your email address will not be published. Required fields are marked *