တီးတိန်မြို့ရှိ စစ်ကောင်စီတပ်ကို PDF ဇိုလဲန်းနှင့် ပူးပေါင်းတပ် ထိုးစစ်ဆင်တိုက်ခိုက်

ချင်းပြည်နယ် တီးတိန်မြို့အခြေစိုက်စစ်ကောင်စီတပ်ကို ပြည်သူ့ကာကွယ်ရေးတပ်(PDF)-ဇိုလဲန်း(Zoland)နှင့် ပူးပေါင်းတပ်များက မေလ ၂၆ရက်ညပိုင်းတွင် ထိုးစစ်ဆင်တိုက်ခိုက်ခဲ့ရာ ယနေ့နံနက်ပိုင်းအထိ တိုက်ပွဲဖြစ်ပွားနေကြောင်း ချင်းသတင်းရင်းမြစ်က ပြောသည်။

” ၂၆၉ (ခလရ ၂၆၉ တပ်ရင်း)ကို ဦးတည်တာပေါ့နော်။ မြို့ထဲမှာ စကစ နေရာယူထားတဲ့ နေရာများတယ်ဆိုတော့ အခုဘယ်ရပ်ကွက် ရောက်ပြီလဲ မသိရသေးဘူး”ဟု ချင်းသတင်းရင်းမြစ်က ပြောသည်။

တီးတိန်မြို့ရှိ စစ်ကောင်စီတပ်ကို တော်လှန်ရေးတပ်များက တိုက်ခိုက်မည်ဟု သတင်းများ ထွက်ပေါ်လျက်ရှိရာ မေလ ၂၆ရက် ည ၁၁နာရီ တွင် တိုက်ပွဲစတင်ခဲ့ခြင်းဖြစ်သည်ဟု သတင်းရင်းမြစ်က ပြောသည်။

“PDF Zoland နဲ့ CDF Falam ဖြစ်တယ်လို့ သေချာသိပါတယ်။ တခြားအဖွဲ့ ပါလားဆိုတော့ စုံစမ်းနေဆဲပါ”ဟု ချင်းသတင်းရင်းမြစ်က ပြောသည်။

PDF ဇိုလဲန်းသည် ချင်းညီနောင်အဖွဲ့ဝင် အဖွဲ့အစည်းဖြစ်ပြီး ချင်းအမျိုးသားကာကွယ်ရေးတပ်(CNDF)၊ CDF မင်းတပ်၊ CDF ကန်ပက်လက်၊ CDF မတူပီ တပ်မဟာ(၁)၊ မရာကာကွယ်ရေးတပ်(MDF)တို့နှင့် နိုင်ငံရေး၊ စစ်ရေး ပူးပေါင်းဆောင်ရွက်လျက်ရှိသည်။

ယနေ့(မေလ ၂၇ရက်)နံနက်ပိုင်းအထိ တီးတိန်မြို့ပေါ်၌ ပစ်ခတ်မှုဖြစ်ပေါ်လျက်ရှိသည့် ရုပ်သံကိုလည်း Chinland News က ဖော်ပြထားသည်။

တစ်ဖက်တွင်လည်း ချင်းအမျိုးသားတပ်မတော် (CNA)နှင့် ချင်းဒေသကာကွယ်ရေးတပ်(CDF)တို့ စုဖွဲ့ပါဝင်သည့် ချင်းပြည်အစိုးရကာကွယ်ရေးဝန်ကြီးဌာနအောက်ရှိ တပ်ဖွဲ့များသည် တွန်းဇံမြို့ကို မေလ ၁၇ရက်တွင် ထိုးစစ်ဆင်ခဲ့ရာ မေလ ၂၃ရက်တွင် အပြီးသတ်သိမ်းပိုက်နိုင်ခဲ့သည်။

(PDF ဇိုလဲန်းမှ ရဲဘော်များအား တွေ့ရစဉ်။ ဓာတ်ပုံ – PDF Zoland)

Leave a Comment