မံစီမြို့ရှိ စစ်ကောင်စီ၏ ခမရ ၃၁၉ တပ်ရင်း တစ်ခုလုံးကို KIA သိမ်းပိုက် ရရှိ

ကချင်ပြည်နယ်၊ မံစီမြို့နယ်ရှိ စစ်ကောင်စီ၏ ခမရ ၃၁၉ တပ်ရင်းကို ကချင်လွတ်လပ်ရေးတပ်မတော် (KIA) က သိမ်းပိုက်လိုက်ကြောင်း သိရှိရသည်။

မံစီမြို့ရှိ စစ်ကောင်စီ၏ ခမရ ၃၁၉တပ်ရင်းကို ယနေ့ မေ ၂၇ရက် နံနက်ပိုင်းတွင် KIA က သိမ်းပိုက်နိုင်ခဲ့ပြီး စစ်ကောင်စီတပ်ဖွဲ့ဝင်အများအပြား ဖမ်းဆီးရမိခဲ့ကြောင်း သိရသည်။

KIA သည် ပြီးခဲ့သည့် မေ ၂၁ရက်နေ့က ခမရ ၃၁၉၏ ကာကင်းစခန်း နှစ်ခုကို သိမ်းပိုက်ခဲ့ပြီးနောက် ယနေ့တွင် ခမရ ၃၁၉ ၏ တပ်ရင်းတစ်ခုလုံးကို သိမ်းဆည်း နိုင်ခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

“အခုရတာ တပ်ရင်းကိုရတာပါ။ မံစီတစ်မြို့လုံးရဖို့က ခမရ-၆၀၁ တစ်ခုပဲ ကျန်တော့တယ်။ အဲဒါကိုလည်း ဆက်ပြီးတိုက်နေပါတယ်” ဟု ကချင်စစ်ရေး သတင်းရင်းမြစ်က ဧရာ၀တီတိုင်းမ်ကို ပြောသည်။

စစ်ကောင်စီ၏ ခမရ ၃၁၉နှင့် ခမရ ၆၀၁တပ်ရင်းတို့ကို KIAက ပြီးခဲ့သည့် မေ ၇ရက်နေ့ကတည်းက စတင်တိုက်ခိုက်ခဲ့ခြင်းဖြစ်ပြီး စစ်ကောင်စီက လေကြောင်း တိုက်ခိုက် မှုများပါ တောက်လျှောက်ပြုလုပ်ခဲ့ကြောင်း သိရသည်။

KIA သည် မံစီမြို့ရှိ စစ်ကောင်စီ၏ မြို့မရဲစခန်းကို မေ ၇ ရက်နေ့တွင် သိမ်းပိုက်ရရှိခဲ့ပြီး နောက် မံစီမြို့ကိုထိန်းချုပ်နိုင်ရန် ကျန်ရှိသည့် တပ်ရင်း နှစ်ခုကို ဆက်လက် တိုက်ခိုက်ခဲ့ခြင်းဖြစ်သည်။

KIA က လက်ရှိတွင် ဝိုင်းမော်၊ တနိုင်း၊ မံစီ၊ ဗန်းမော်၊ မိုးမောက်၊ ဖားကန့်မြို့နယ်များရှိ တပ်စခန်းပေါင်း ၁၀၀ နီးပါးကို သိမ်းပိုက်ရရှိထားပြီး ဗန်းမော်၊ မြစ်ကြီးနား၊ လွယ်ဂျယ်လမ်းပိုင်းများကိုပါ ထိန်းချုပ်ထားကြောင်း သိရသည်။


Comments

Leave a Reply

Your email address will not be published. Required fields are marked *