CDSOM စခန်းဟောင်းကို ဝင်ရောက်စီးနင်းသည့် စစ်ကောင်စီတပ်ဖွဲ့ တိုက်ခိုက်ခံရပြီး ၁၀ ဦးထက်မနည်း သေဆုံး

စစ်ကိုင်းတိုင်း၊ မြောင်မြို့နယ်အခြေစိုက် CDSOM စခန်းဟောင်းတခုကို ဝင်ရောက်စီးနင်းသည့် စစ်ကောင်စီတပ်ဖွဲ့နှင့် ကာကွယ်ရေးတပ်ဖွဲ့များ အကြားတိုက်ပွဲဖြစ်ပွားပြီး စစ်ကောင်စီတပ်ဖွဲ့ဝင် ၁၀ ဦး ထက်မနည်းသေဆုံးကြောင်း မြောင်မြို့နယ်ပြည်သူ့ကာကွယ်ရေးနှင့်လုံခြုံရေးအဖွဲ့ထံမှသိရသည်။

မေလ ၂၃ ရက် နံနက် ၁၁ နာရီ ၃၀ မိနစ်ခန့် မြောင်မြို့နယ်အနောက်ခြမ်း မြောင်-မြင်းမူ-ချောင်ဦး အစပ်ရှိ CDSOM အဖွဲ့၏ စခန်းဟောင်းတခုကိုဝင်ရောက်စီးနင်းချိန်တွင် အသင့်စောင့်ဆိုင်းနေသည့် ကာကွယ်ရေး တပ်ဖွဲ့ဝင်များက ပစ်ခတ်တိုက်ခိုက်ခဲ့ခြင်းဖြစ်ကြောင်း အဆိုပါအဖွဲ့ခေါင်းဆောင် ကိုနွေဦးက ပြောသည်။

“အဲဒီစခန်းက ဘာမှမရှိတော့ဘူး၊ လာဝိုင်းမယ်ဆိုတာသတင်းရလို့ ကြိုစောင့်နေတာ။ သူတို့ဝင်လာတဲ့ အချိန်မှာ ဘယ်သူမှမရှိတဲ့ ပုံစံမျိုးဆိုတော့ ဓာတ်ပုံတွေဘာတွေရိုက်ပြီး မှတ်တမ်းယူနေတာ။ အဲဒီအချိန်မှာ ကျနော်တို့ဘက်ကဝိုင်းပစ်တာ ပြန်ကြားရသလောက် ၁၀ ဦး ထက်မနည်းသေတယ်” ဟု ၎င်းက ပြော သည်။

CDSOM အဖွဲ့နှင့် စစ်ကောင်စီတပ်အကြား အပြန်အလှန်ပစ်ခတ်မှု တနာရီခွဲခန့်အကြာတွင် ကာကွယ်ရေး တပ်ဖွဲ့များဘက်မှ မဟာမိတ်များစစ်ကူရောက်ရှိလာ၍ ညနေ ၅ နာရီအထိ တိုက်ပွဲဖြစ်ပွားခဲ့သည်ဟု ကိုနွေဦးက ဆိုသည်။

“ညနေငါးနာရီလောက်ကျတော့ စစ်ကောင်စီတပ်ဖွဲ့က Mi-35 ရဟတ်ယာဉ်နဲ့ပစ်ကူပေးလာလို့ ကျနော်တို့ ပြန်ဆုတ်ခဲ့တယ်။ စစ်ကောင်စီတပ်ကလည်း ဒဏ်ရာရသူရော သေတဲ့သူပါ အကုန်ဆွဲထုတ်သွားတယ်” ဟု ၎င်းက ပြောသည်။

အဆိုပါ စစ်ကောင်စီတပ်ဖွဲ့သည် ချောင်ဦးမြို့နယ် နတ်ရေကန်ရဲစခန်းမှထွက်လာသည့်စစ်ကြောင်းဖြစ် ပြီး မြင်းမူမြို့နယ် လတ်ထုတ္တောကျေးရွာမှ အရပ်သား ၃၄ ဦးကို သတ်ဖြတ်ခဲ့သောစစ်ကြောင်းဖြစ်ကြောင်း ဒေသခံများထံမှ သိရသည်။

နတ်ရေကန်ရဲစခန်းသို့ ပြန်လည်ဝင်ရောက်သွားသည့် စစ်ကောင်စီတပ်ဖွဲ့ကို မေလ ၂၄ ရက်နေ့တွင်လည်း မဟာမိတ်ဒရုန်းအဖွဲ့များဖြင့်ပူးပေါင်းကာ လိုက်လံတိုက်ခိုက်ခဲ့ကြောင်း ကိုနွေဦးက ဆက်ပြောသည်။

“ဒရုန်းနဲ့ဗုံးကြဲတာ သတ်မှတ်ထားတဲ့ပွိုင့်တွေ အကုန်လုံးထိတယ်၊ သူတို့ဘက်က လက်နက်ငယ်တွေနဲ့ ပြန် ပစ်တာတွေရှိတယ်၊ အထိအခိုက် အတိအကျတော့ မသိရဘူး” ဟု ၎င်းကပြောသည်။

အဆိုပါ နှစ်ရက်တာတိုက်ပွဲအတွင်း ကာကွယ်ရေးတပ်ဖွဲ့များဘက်မှ ရဲဘော်လေးဦးထိခိုက်ဒဏ်ရာရခဲ့ပြီး Fixed Wing ဒရုန်းတစီးပျက်စီးခဲ့ကြောင်း ကာကွယ်ရေးတပ်ဖွဲ့များထံ မှသိရသည်။

ယခုတိုက်ခိုက်မှုကို မြောင်မြို့နယ် ပြည်သူ့ကာကွယ်ရေးနှင့်လုံခြုံရေးတပ်ဖွဲ့(CDSOM)၊ ဒေါင်းစစ်သည် မြောင်ပြောက်ကျားတပ်ဖွဲ့၊ အညာမြေအဖွဲ့(ကျောက်ပန်းတောင်း)၊ PDF တလုပ် ၊ ပြောက်ကျားလင်းယုန် အဖွဲ့၊ CDSOM မြောက်ပိုင်းတိုက်ခိုက်ရေးအဖွဲ့ 003 ၊ တိုက်နယ်တပ်ပေါင်းစုအဖွဲ့ ၊ Hero အဖွဲ့ ၊ မြို့နယ် ပကဖအဖွဲ့နှင့် ဗိုလ်စားဖိုအဖွဲ့တို့ ပူးပေါင်းတိုက်ခိုက်ခဲ့ခြင်းဖြစ်ကြောင်း သိရသည်။


Comments

Leave a Reply

Your email address will not be published. Required fields are marked *